အီတလီနိုင်ငံမှာ ဒေါသထွက်နေတဲ့ ဆရာဝန်တွေက လူမဆန်တဲ့ ကြိုးနီစနစ်ကို ဆန့်ကျင် ဆန္ဒပြနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ဆိုက်နေတာ ၂ နှစ်ကြာပြီ ဖြစ်ပေမယ့် သူတို့ကို စိတ်ပျက် အားငယ်စရာ အခြေအနေမှာ အလုပ် အလွန်အကျွံ လုပ်ခိုင်းထားပြီး အစိုးရက အလေးမထားဘူး၊ ကြိုးနီစနစ်အောက်မှာ နစ်မြုပ်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အထွေထွေရောဂါကု ဆရာဝန်ကတော့ ဆေးရုံတွေက ဆရာဝန်တွေ၊ သူနာပြုတွေထက် ပိုဆိုးဆိုးရွားရွား ဆက်ဆံခံနေရပြီး ရုံးလုပ်ငန်းတွေထဲမှာ နစ်နေလို့ လူနာတွေကို သေချာမစောင့်ရှောက်နိုင်ဘူးလို့ ပြောပါတယ်။
အထွေထွေရောဂါကု ဆရာဝန်တွေဟာ ဘာအကာအကွယ်ပစ္စည်း လမ်းညွှန်ချက်မှ မရဘဲ ဆေးရုံတွေမှာ လူနာတွေများနေလို့ အသက်နဲ့ ဘေးကင်းရေးကို ရင်းပြီး လူနာတွေအိမ်ကို သွားနေရတယ်လို့ ရုမ်းမြို့တော် တောင်ပိုင်းက ဆရာဝန်လုပ်သက် နှစ် ၂၀ ရှိတဲ့ အန်တွိုင်းနက် ဒေလူကာက ပြောပါတယ်။
လူနာတွေက ဆရာဝန်ကို လက်တွေအများကြီးပါတဲ့ ဟိန္ဒူနတ်ဘုရား ကာလီမယ်တော်နဲ့ တူတယ်လို့ နက်နက်နဲနဲ အသိအမှတ် ပြုကြပေမယ့် အစိုးရဆီက ကျေးဇူးတင်တယ်လို့ အသိအမှတ်ပြုတာ ရချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ သူဟာ ဆန္ဒပြနေတဲ့ ဆရာဝန်တွေ အများအပြားထဲက တယောက်ပါ။
အစိုးရက ကူညီဖို့ ဆော်ဩနေသလို ကိုဗစ်ကပ်ဘေးကြောင့် သေဆုံးခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ မိသားစုတွေအတွက် လျော်ကြေးပေးဖို့ကိုလည်း တောင်းဆိုနေပါတယ်။
မတ်လ ၂ ရက်မှာတော့ ဒေါသထွက်နေတဲ့ ဆရာဝန် အယောက် ၂၀၀ လောက်ဟာ ကျန်းမာရေး ဝန်ကြီးဌာန ရှေ့မှာ ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။