ပအိုဝ့် မိခင်၊ လယ်တဲခွင်မှ ဆန့်ကျင်ဖက်ဆစ်၊ တော်လှန်စစ်များအကြောင်း။
လူထုဖက်သား၊ နှောင်အိမ်များမှ
ရေးသားဖွဲ့သီ၊ ကဗျာနီနီများအကြောင်း။
ကဗျာငါးရာ၊ ပြဇာတ်စာရေး
ဘာသာလည်းပြန်၊ စွယ်စုံလျှံဝင်း
မောင်လင်းယုန်(ရှမ်းပြည်)၊ ဆရာသည်ကား
လက်ပြသွားခဲ့၊ နှစ်များ (၆) လီ ရှိပါပြီ။ ။
ကဗျာဆရာကြီး စာရေးဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)ဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က ကွယ်လွန်ခဲ့တော့ အခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှာ ၆ နှစ် ကြာသွားပြီပေါ့။ ဆရာကြီးရဲ့ ပအိုဝ့်မိခင်၏ လက်စားချေခန်းကဗျာကို ကျနော် ကျောင်းသားဘဝ အလွတ်ကျက် စာမေးပွဲ ဖြေခဲ့ရတယ်။ မောင်လင်းယုန်(ရှမ်းပြည်) နာမည်ဟာ စွဲမြဲထင်ရှားသိနေရတော့တာပေါ့။
“ပအိုဝ့်မိခင်၏လက်စားချေခန်း”
ဖက်ဆစ်လူယုတ်၊ ခြေကုန်သုတ်၍
နောက်ဆုတ်ပြေးသော ကာလတွင် . . .
သင်းကွဲတစု၊ ဆာလောင်မှုနှင့်
တခုယာတဲ၊ ရရာဆွဲဖို့
သဲသဲရုတ်ရုတ် ဝင်ကြ၏။
အထီးကျန်ပင်၊ တဲရှင်ပအိုဝ့်မ
အိုရွတ်တွသည်၊ ရင်ဝထောက်ထား
လှံစွပ်များကြောင့်၊ ကြောက်အားပိုဘိ
တုန်ချိချိနှင့်၊ ရှိသည့်ဟင်းလျာ
ဆန်ကိုရှာ၍ ချက်ရပြီ။
အလျံရဲရဲ၊ မီးတောက်ထဲတွင်
ရစ်ဝဲပေါ်လာ၊ ရုပ်ပုံလွှာကား
မကြာမီက၊ ယုတ်စွဘီလူး
ဂျပန်ရူးကြောင့်၊ ညွန်းဖူးလည်းကြွေ
သက်လည်းသေသည့်
မွေးမေချစ်သော သမီးငယ်။
နှမအတွက်၊ ခုခံလျှက်က
သွေးပွက်ပွက်ကျ၊ သေဆုံးရသည့်
ချစ်လှစွာသော သူ၏သား။
ညှဉ်းပမ်းလူသတ်၊ သူတို့တပ်မှ
အငတ်များတွက်၊ ထမင်းချက်ရ ခံခက်လှပေ၊ ဒေါသထွေ၍
အမေတက်ခေါက်မိလေပြီ။
အသင့်ဖြစ်လျှင်၊ ထမင်းပြင်၍
ကျွေးလျှင်ကြွေးခြင်း၊ အငတ်သင်းတို့
အတင်းလုယက်၊ စားမည့်ချက်တွင်
စိတ်လက်မသန့်၊ လိပ်ပြာလန့်၍
ဆိုင်းငံ့နေပြီး၊ အမေကြီးကို
မြည်းစမ်းပထမ၊ စားစေကြ၏
ပြီးမှသူတို့၊ သောက်မြိုဆို့၏။
မကြာပါချေ၊ ဝမ်းဝလေ၍
သည်နေရာမှ၊ ထွက်ခွာကြစဉ်
ရင်ဝနှင့်ဝမ်း၊ လောင်မီးကျွမ်းသို့ ပရမ်းပတာ၊ ပူလောင်လာပြီး
မြေမှာလဲကျ၊ အော်ဟစ်ကြ၏
“မြိန်စွဟင်းလျာ၊ အဆိပ်ပါဟု
သေခါနီးမှ သိတော့သည်။
ဖက်ဆစ်လူယုတ်၊ ဤတသုတ်၏
မျိုးပြုတ်ပုံကို၊ အမေအိုသည်
နှစ်လိုရွှင်ပြ၊ ကြည့်ရင်းကလျှင် လဲကျမြေထက်၊ အဆိပ်တက်၍ တသက် ဆယ်သက် လဲခဲ့ပြီ။
အော်… အိုမင်းပန်းလျှ၊ ပအိုဝ့်မလည်း
ရရာနည်းလမ်း၊ သူ့အစွမ်းဖြင့်
ဆိုးသွမ်းသူယုတ်၊ ဖက်ဆစ်စုတ်ကို
မျိုးဖြုတ်ခဲ့လေပြီတကား။ ။
မောင်လင်းယုန် (ရှမ်းပြည်)
ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)ရဲ့ ပအို့ဝ်မိခင်၏လက်စားချေခန်း ကဗျာကို ကျနော် သတိရတဲ့အခါ ရွတ်ဆိုနေတတ်ပါတယ်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးတုန်းကလိုပဲ မြန်မာပြည်သူလူထုတွေဟာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေအပေါ် လက်စားချေလိုစိတ်တွေ ပြင်းထန်နေချိန်ဟာ ဒီနေ့အခါပါပဲ။ နွေဦးတော်လှန်ရေးမှာ အကြမ်းဖက် စစ်ကောင်စီဟာ ဆန္ဒပြသူတွေရဲ့ခေါင်းတွေကို ပစ်သတ်တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်တယ်။ ပအိုဝ့်အမေကြီးလိုပဲ ရန်ကုန်ဆိပ်ကမ်းမှာ စစ်သားတယောက်ကို ပြေးပြီး ရေထဲတွန်းချတဲ့ ဈေးသည်မကြီးကို မြင်ယောင်မိတယ်။ ကသာမြို့ ဈေးထဲမှာ အရပ်ဝတ်နဲ့ စစ်ဗိုလ်ကို ဓားနဲ့ဝိုင်းထိုးကြတဲ့သတင်း။ ဒလမှာ ဆိုင်ကယ်စီး ရဲလှည့်ကင်းကိုး ဓားနဲ့ ဝင်ခုတ်တာ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ နေ့စဉ် လက်စားချေတိုက်ပွဲတွေအထိ… ဆရာ့ ကဗျာစာသားအရ ဆိုလျှင်တော့ “ရရာနည်းလမ်း၊ သူ့အစွမ်းဖြင့် ဆိုးသွမ်းသူယုတ်၊ ဖက်ဆစ်စုတ်ကို၊ မျိုးဖြုတ်ကြတော့မည်” ပေါ့။
နောက်ထပ် ကျနော် စွဲထင်နေတဲ့ ဆရာ့ကဗျာတစကတော့—
ကျဉ်းနှောင်အိမ်ထွက်၊ လွတ်မည့်ရက်ကို
ချင့်တွက် မလိုပါချေ။
ပြည်သူကျောင်းသား၊ ကျိုးစီးပွားတွက်
တို့များအကျဉ်းကျခဲ့သည်။
ပြည်သူ့အောင်ပွဲ၊ ဆင်ယင်နွှဲတော့
တို့လည်းလွတ်မြောက်ရပေမည်။ ။
မောင်လင်းယုန် (ရှမ်းပြည်)
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျနော်ဖတ်ရွတ်ခဲ့တာ။ အမြဲလည်း သတိရရလာတဲ့ ကဗျာပုဒ်လေးတွေပေါ့။ ပြည်သူအတွက် ငါတို့ ထောင်ကျနေတယ်။ ပြည်သူ့အောင်ပွဲ ရအောင်တိုက်ကြ။ ထောင်တွင်း ထောင်ပြင် ပြည်တွင်း ပြည်ပ အင်အားစု အားလုံး တိုက်ကြ။ မင်းပါမှ အောင်ပွဲရမယ်။ ပြည်သူ့အောင်ပွဲ ဆင်ယင်နွှဲမှ ထောင်တွင်းရဲဘော် အကုန်လွတ်မယ်။ တို့လည်း လွတ်မြောက်ရမယ်။ ဆရာ့ကဗျာကို ဆပွားထပ်တွေးမိတာက နွေဦးတော်လှန်ရေးကြီးမှာ အကျဉ်းကျသူအားလုံးဟာ အောင်ပွဲရမှ လွတ်ကြမှာ။ ဒီလိုပဲ အခုစစ်ကောင်စီတွေ လိုက်ပြီး ချိပ်ပိတ်နေတဲ့ နေအိမ် အဆောက်အဦတွေလည်း နွေဦးတော်လှန်ရေးအောင်မြင်မှ ပြန်ရမှာ၊ မိဝေးဖဝေး PDF တပ်ဖွဲ့ဝင် ရဲဘော် ရဲမေတွေလည်း နွေဦးတော်လှန်ရေးအောင်မြင်မှ မိဘရပ်ထံ ပြန်ရမှာ။
ဆရာ့ရဲ့ ထောင်တွင်းကဗျာတွေထဲက “သိက္ခာပျက်များ လွှမ်းမိုးသော်” ဆိုတဲ့ ကဗျာကိုတော့ ကျနော် မမှတ်မိတော့ပါ။ ဒါပေမဲ့ ကဗျာ့ ဆိုလိုရင်းကိုတော့ မှတ်မိနေပါသေးတယ်။ ကဗျာအဓိပ္ပာယ်က ထောင်က လွတ်ပေးမယ်ဆိုပြီး ပစ္စည်းသိမ်းခိုင်း၊ ထောင်ဘူးဝရောက်ပြီးမှ စာရင်းမှားလို့ဆိုပြီး ထောင်ထဲ ပြန်ဝင်ရတဲ့အဖြစ်ကို ရေးထားတဲ့ ကဗျာပါ။ ဒီအဖြစ်မျိုး ဆရာကြီးဟံသာဝတီ ဦးဝင်းတင်လည်း ကြုံဖူးပါတယ်။
ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)ဟာ မွေးတာကလည်း ဖေဖော်ဝါရီလဆန်းမှာပါ။ ကွယ်လွန်တာလည်း ၂၆ ဖေဖော်ဝါရီမို့ ဒီရက်ပိုင်းမှာ သူ့ကဗျာလေးတွေ ရွတ်ဆိုနေမိတယ်။ ကွယ်လွန်ပြီးတာ၊ ၆ နှစ်ကြာလည်း၊ ကဗျာတွေက၊ ရှင်နေကြဆဲပါ။ နောင်နှစ်ပေါင်းများစွာလည်း ရှင်သန်နေမှာပါ။ နေမင်းကြီး အနောက်အရပ်ကို ငုပ်လျှိုးသွားပေမဲ့ နေရောင်ရှိန်ဝါတွေကတော့ ထင်ဟပ်နေဆဲ ဆိုသလိုပါ။ အထူးသဖြင့် ပြည်သူလူထုဘက်က ရပ်တည်ရေးသားခဲ့တဲ့ ဆရာ့ကဗျာ ဆရာ့စာတွေကတော့ လက်ဆင့်ကမ်း ထိန်းသိမ်းဖြန့်ဝေနေကြဦးမှာ မျိုးဆက်သစ်တွေရဲ့ တာဝန်ပါပဲ ခင်ဗျာ။
မောင်တူး