စာပေဟောပြောပွဲ ဟန့်တားနှောင့်ယှက်မှု ၈၈ မျိုးဆက် ကန့်ကွက်
DVB
·
February 19, 2014
စာပေဟောပြောပွဲတွေ ပိတ်ပင်ဟန့်တား နှောင့်ယှက်တဲ့အပေါ် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း) က သဘောထားကြေညာချက်တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ အချက် ၅ ချက် ပါဝင်ပြီး လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့် အပါအ၀င်ဖြစ်တဲ့ စာပေဟောပြောခွင့်ဟာ ပြည်သူတရပ်လုံး နှစ်ပေါင်းများစွာ ပေးဆပ်ရယူခဲ့ရတဲ့ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးတရပ် ဖြစ်သဖြင့် ခိုင်မာသော ယဉ်ကျေးမှုလည်း ဖြစ်ပါတယ်။
အခုနှစ်ဆန်းက နေပြည်တော် တပ်ကုန်းမြို့မှာ စာရေးဆရာမင်းကိုနိုင်၊ စာရေးဆရာဂျင်မီတို့ရဲ့ ဟောပြောပွဲတွေကို ပိတ်ပင်မှု ပြုလုပ်ခဲ့ပြီး ပျော်ဘွယ်မြို့နယ်မှာ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဦးဘုန်း(ဓာတု) တို့ကိုလည်း ပိတ်ပင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာမြို့နယ်မှာ စာရေးဆရာမြအေး၊ စာရေးဆရာကိုနီတို့ကို အင်အားသုံး နှောင့်ယှက်ဟန့်တားခဲ့တဲ့အပြင် မန္တလေးမြို့မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာမြအေးအား အင်အားသုံး နှောင့်ယှက်ဟန့်တားမှုတွေ ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာအရ စာရေးဆရာများရဲ့ ဟောပြောချက်များကို သဘောမတူခဲ့လျှင် ချေပ ဟောပြောခွင့်၊ တရားဥပဒေနဲ့ အညီ ဆောင်ရွက်ခြင်းများ ပြုလုပ်ခွင့် ရှိပါတယ်။
အခုလို နှောင့်ယှက်မှုတွေဟာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့လုပ်ရပ် ဖြစ်ကြောင်း၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေး လိုလားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စာရေးဆရာတွေရဲ့ အခွင့်အရေးကို ၀ိုင်းဝန်းကာကွယ် သွားကြရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။