မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာမှာ ပြီးခဲ့တဲ့လတွေကစပြီး စစ်ကောင်စီတပ်က ကျေးရွာသားတွေကို စစ်သင်တန်းပို့ချပေးနေပြီး စစ်သင်တန်းမတက်သူတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို စစ်သင်တန်း အတင်းအကျပ် ဖိအားပေးတက်ခိုင်းတာကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ ကျေးရွာသား ၂၀၀ ကျော်က ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦးက DVB ကို ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းမှာ နေထိုင်တဲ့ အန်အယ်လ်ဒီပါတီဝင် ၅ ယောက်ကိုလည်း ဖမ်းဆီးထားသလို အဆိုပါကျေးရွာအတွင်းမှာရှိတဲ့ ရဲစခန်းမှာ စစ်ကောင်စီတပ်သားတွေက နေရာယူထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ဟံသာဝတီကျေးရွာဟာ ပျူစောထီး အားကောင်းတဲ့ ကျေးရွာဖြစ်တာကြောင့် ထွက်ပြေးနေသူတွေအနေနဲ့ တောင်ယာလုပ်ငန်းတွေကို စွန့်ထားရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
အဲဒီကျေးရွာဟာ အိမ်ခြေ ၁၆၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀၀ ဝန်းကျင် နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။