တောင်ကိုရီးယားတွင် အဆောက်အဦပြိုကျ၊ ၁၀ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ အရှေ့တောင်ဘက် ၂၃၅ မိုင်အကွာက ဂျောင်းဂျုမြို့ တောင်ပေါ် အပန်းဖြေစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အဆောက်အဦ ပြိုကျခဲ့လို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို တက်လာသူ ၁၀ ဦး သေဆုံးတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ koreaတောင်ပေါ် ဂေါက်ရိုက်အပန်းဖြေစခန်းရဲ့ ခန်းမထဲမှာ ကျောင်းသား အယောက် ၅၆၀ စုစည်း ရောက်ရှိနေတုန်း ခေါင်မိုးပေါ်မှာ နှင်းတွေ စုပုံလာရာက ပြိုကျတာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ အပျက်အစီးတွေနဲ့ နှင်းတွေထဲမှာတော့ လူတွေဟာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့တာပါ။ အဆောက်အဦရဲ့ ဗဟိုက နှင်းတွေရဲ့ အလေးချိန်ကို မခံနိုင်လို့ ပြိုကျတာလို့ ယူဆပြီး လောလောဆယ် အလောင်း ၁၀ လောင်း ရထားပြီးပြီလို့ တောင်ကိုရီးယား မီးသတ်သမား ကင်မ် အင်းရိုးက ပြောပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲလို့ အရာရှိတွေက ပြောပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး အရာရှိတွေက ပိတ်မိနေသူ အားလုံးကို ကယ်ထုတ်ပြီးပြီ ဖြစ်ပြီး ဒဏ်ရာရသူ ၂၃ ဦးလုံးကလည်း ဆေးဝါးကုသမှု ရရှိခဲ့ပြီးပြီလို့ ပြောပါတယ်။ တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသား အများအပြားဟာ တက္ကသိုလ် ဥပစာတန်း အစီအစဉ်တွေကို တက်ရောက်ဖို့ မြို့ပြင်ထွက်ပြီး အပန်းဖြေစခန်းတွေမှာ မကြာခဏ နေထိုင်ကြလေ့ရှိပါတယ်။

More News
Up