Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၇၀ နီးပါးရှိလာ
DVB
·
February 23, 2022

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၈ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၂၈၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၂၇၆ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၇၄၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က အင်းစိန်အကျဉ်းထောင်တွင်းအထူးတရားရုံးကနေ စာရေးဆရာ မောင်သာချိုကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ စာရေးဆရာ ထင် လင်းဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ စာရေးဆရာ မောင်သာချိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခု နှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စာရေးဆရာ ထင်လင်းဦးဟာ မတ် ၁ ရက်နေ့တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မွန်းလွဲ ၂ နာရီခွဲလောက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က ဧရာ ဝတီတံတား မြောက်ဘက် စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်က အမျိုးသား ၂ ယောက်ကို ဆိုင်ကယ်အတူစီးလို့ဆိုကာ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ ဦးမျိုးလှိုင်မှာ ခြေထောက်နဲ့ နောက်ကျောကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်အုပ်စုက လူနာတင်ယာဉ်ကို အချိန်မီ ခေါ်ပေးခြင်းမရှိ တာကြောင့် ဦးမျိုးလှိုင်ဟာ သွေးထွက်လွန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပြီး ဆိုင်ကယ်မောင်းလာသူကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024