ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က စစ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ခဲ့တဲ့ ရဲညီအစ်ကို ၂ ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူကာ ထောင် ၁ နှစ်ချမှတ်ထားပြီး လွတ်ရက်စေ့ခါနီးမှ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်လိုက်တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
“လွတ်ရက်သိပ်မလိုတော့ဘူး၊ အဲ့တာကို ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တာ။ ပုသိမ်ထောင်မှာရှိတဲ့ ထောင်အရာရှိ ၃ ပွင့်နဲ့သူက တရားစွဲတာ၊ မတရားသဖြင့်လုပ်တာကို မတရားသူကြီးက အမိန့်ချတာလို့ပဲ ပြောချင်တယ်” လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောပါတယ်။
ရဲညီအစ်ကို နှစ်ဦးကို ထောင်မချခင် ၃ လလောက်ကလည်း ပုသိမ်အကျဉ်းထောင်ထဲမှာ ၃ လလုံး တိုက်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့တဲ့ ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို ညီအစ်ကို နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၃ ရက်က စတင်ဖမ်းဆီးခဲ့ပြီး ခုအချိန်အထိ မိသားစုဝင်တွေက တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ရဲညီအစ်ကို ၂ ဦးရဲ့ ဖခင်ဖြစ်သူ ဦးသန့်စင်ကိုလည်း စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။