ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ တရုတ်ရုပ်ရှင် ဆုရရှိ

829
ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒီနှစ်အတွက် အကောင်းဆုံးဇာတ်ကားဆု ဖြစ်တဲ့ ရွှေဝက်ဝံဆုကို မီးသွေးနက်နဲ့ ရေခဲပါးလို့ နာမည်ပေးထားတဲ့ တရုတ်ရုပ်ရှင်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဆွတ်ခူးရရှိသွားပါတယ်။ ရုပ်ရှင်ဒါရိုက်တာ ဒျောင်ယင်းနန်ကတော့ အိမ်မက် တကယ်ဖြစ်လာခဲ့ပြီလို့ ယုံရတာ တကယ့်ကို ခက်တယ်လို့ ပြောပါတယ်။
ကွင်းဆက် လူသတ်သမားတယောက်ကို နောက်ယောင်ခံလိုက်နေတဲ့ အ၀လွန်နေတဲ့ ထောက်လှမ်းရေး တယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲက ထောက်လှမ်းရေး ကျန်းကျိလိအဖြစ် သရုပ်ဆောင်သူ မင်းသား လျောင်ဖန်းက အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရသွားပါတယ်။
ဂျပန်ရုပ်ရှင် အိမ်ကလေးဇာတ်ကားထဲမှာ အိမ်အကူလုပ်သားတယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်အမျိုးသမီးဇာတ်ဆောင် ဟာရု ခုရိုခိ ကတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရသွားတာပါ။
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ရစ်ချတ် လင်ကလိတ်တာကတော့ လူငယ်ဘ၀လို့ နာမည် ပေးထားတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဂရန်းဘူဒါပတ်စ် ဟိုတယ်လို့ နာမည်ပေးထားတဲ့ ဇာတ်ကားရဲ့ ဒါရိုက်တာ ၀က်စ် အန်ဒါဆန်ကတော့ ဂျူရီ အကဲဖြတ် ဒိုင်လူကြီးတွေရဲ့ စိတ်ကြိုက်ဆု ဖြစ်တဲ့ ငွေဝက်ဝံဆုကို ရသွားပါတယ်။
အီသီယိုပီးယားနိုင်ငံတွင်းက သတို့သမီးကို အတင်းအဓမ္မ ဖြားယောင်းသွေးဆောင်မှု ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ အီသီယိုပီးယား ရုပ်ရှင်ဒီဖရက်ကတော့ ပရိသတ် အကြိုက်ဆုံး ဆုကို ဆွတ်ခူးသွားပါတယ်။
ဘာလင်ရုပ်ရှင်ပွဲတော်ဟာ ကမ္ဘာ့ သက်တမ်းအရင့်ဆုံးနဲ့ ဂုဏ်အရှိဆုံး ရုပ်ရှင် ပွဲတော်တွေထဲက တခုပါ။ ရုပ်ရှင်ပွဲတော်အတွင်း ရုပ်ရှင်ဇာတ်ကား လေးရာကျော် ပြသခဲ့ပါတယ်။
ပြိုင်ပွဲ ခေါင်းစဉ်အတွင်းမှာတော့ ဇာတ်ကား ၂၃ ကား ပါဝင်ယှဉ်ပြိုင်ခဲ့လို့ ပြိုင်ပွဲဝင် ဇာတ်ကားအရေအတွက် နည်းတယ်လို့ အကဲခတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
