Home
မြန်မာသတင်း
ထိုင်းတွင် အကျဉ်းကျနေသည့် မြန်မာ ၆၀၀ ကျော် လွတ်မြောက်
ရွှေအောင်
·
February 14, 2014
ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်ခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ပြောကြားပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒုဝန်ကြီးက ပြောခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။ myanmar prisoner in thaiသူ့အနေနဲ့ အစိုးရက မြန်မာအကျဉ်းသားအရေး ထိတွေ့မှု မရှိလို့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ အခွင့်အရေး ဆုံးရှုံးနေတာတွေ လွှတ်တော်မှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။ “အဲဒီက အကျဉ်းသားတွေ ကျနော့်ကို ရေးလာတဲ့စာကို လွှတ်တော်မှာ တင်ပြခွင့်ရတယ်။ နံပါတ် ၁ ကတော့ ဒီမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြည်ထဲရေး ၀န်ကြီးတွေ ဖြေတဲ့အရာနဲ့ တကယ်အပြင်မှာ ဖြစ်တဲ့ အချက်တွေ ကွဲလွဲနေတယ်။ အဲဒီအပြင် ထိုင်းမှာရှိတဲ့ မြန်မာအကျဉ်းသားတွေကို ချိုးနှိမ်ထားတယ်။ ဥပမာ - သူတို့ရေးတဲ့ စာအရ အလုပ်လုပ်ရင် မြန်မာတွေက ထိုင်းအကျဉ်းသားတွေနဲ့ မတူပဲ ပိုလုပ်ရတယ်။ အစားကျွေးတဲ့ အခါမှာ အရေအတွက်ရော အရည်အချင်းရော မြန်မာအကျဉ်းသားတွေက ညံ့ဖျင်းတာ စားရတယ်။ နောက် ကျန်းမာရေးတဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ထိုင်းတွေနဲ့မတူဘူး၊ မြန်မာတွေကို အခွင့်အရေးချိုးနှိမ်ထားတယ်။ နောက်တခုက ဆရာဝန်ဆီမှာ ဆေးကုတဲ့ အခါမှာလည်း မြန်မာအကျဉ်းသားတွေက ထိုင်းအကျဉ်းသားတွေလို့ ကုသခွင့် မရဘူး။ အဲဒီလိုပဲ ပညာရေးလေ့လာမှုတွေမှာလည်း ဒီအတိုင်းပဲပေါ့။ ဒီလိုဟာတွေ ဖြစ်နေတဲ့ အကြောင်းအရင်းတွေ ထဲမှာ အဓိကတော့ မြန်မာသံရုံးရဲ့ ထိတွေ့မှုပေါ့၊ ပုံမှန်ထိတွေ့မှု မရှိဘူး။ မြန်မာမဟုတ်တဲ့ အခြား နိုင်ငံသံရုံးတွေက အကျဉ်းသားတွေနဲ့ ထိတွေ့တော့ သူတို့ အခွင့်အရေးတွေ ပိုရတာပေါ့။” ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေးစာချုပ် ချုပ်ဆိုထားတာ မရှိသေးတဲ့အတွက် မြန်မာအကျဉ်းသားတွေ လွတ်မြောက်ရေး မလုပ်ပေးနိုင်တာ ဖြစ်ပြီး ဒီလွှတ်တော်သက်တမ်းအတွင်း စာချုပ် အကောင်အထည်ပေါ်လာအောင် တနည်းနည်းနဲ့ ကြိုးပမ်းလုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။ ဦးသိန်းညွှန့်အနေနဲ့ ဒီမေးခွန်း လွှတ်တော်ထဲ မေးနိုင်ဖို့ အချက်အလက်တွေကို စာနယ်ဇင်းဆရာ ကိုဇော်သက်ထွေးထံက ရယူခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စ ကိုဇော်သက်ထွေးကို မေးကြည့်တော့ ထိုင်းထောင်တွေထဲ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၁ သောင်းလောက် ရှိတယ်လို့ ပြောပါတယ်။ “ကျနော့်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ထိုင်းအကျဉ်းထောင်ကနေပြီးတော့ ထိုင်းနိုင်ငံက အကျဉ်းထောင် ၂၀ မှာ ရှိတဲ့ မြန်မာအကျဉ်းသားတွေရဲ့ စာရင်းကို သူတို့ ပြုစုပေးတယ်။ သူတို့က နည်းနည်းလွတ်လပ်ပုံပေါ်ပါတယ်။ ကျနော့်ဆီကို အဲဒီ စာရင်းရောက်လာတော့ နှစ်ကြီးကျတာ ၃၀၀၀ လောက်ရှိတယ်။ နှစ်သေးကျတာက ၇၀၀၀ ထောင်လောက်ရှိတဲ့အတွက် ထိုင်းမှာ မြန်မာအကျဉ်း ၁၀၀၀ လောက်ရှိတယ်။” ကမ္ဘောဒီးယားအစိုးရဟာ ထိုင်းထောင်တွေထဲ အကျဉ်းကျနေတဲ့ သူ့နိုင်ငံသားတွေနဲ့ အဆက်မပြတ် ထိတွေ့မှုရှိတဲ့အတွက် အခုဆို ထိုင်းထောင်တွေထဲ ကမ္ဘောဒီးယားနိုင်ငံသားတွေ မရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ် မြန်မာအကျဉ်းသား လွှတ်ဖို့ ရှိပေမယ့် ထိုင်းနိုင်ငံရေး အခြေအနေကြောင့် လွတ်မလာပါဘူး။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့် နှစ်နိုင်ငံအကျဉ်းသား လဲလှယ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ မြန်မာအစိုးရ ကြိုးပမ်း လုပ်ဆောင်သင့်ကြောင်း လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024