Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အဓိက ဦးစားပေး လုပ်ဆောင်မည်
DVB
·
February 14, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။ 88ရန်ကုန်မြို့ သင်္ဃန်းင်္ကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ကျင်းပတဲ့ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားတာပါ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က “ဒီကနေ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ပြီးတော့ပြင်ရေး ဆိုတာပါလာပါတယ်။ နိုင်ငံနဲ့အ၀ှမ်းမှာလည်း ကျယ်ကျယ်လှောင်လှောင်ထားပြီးတော့ လှုပ်ရှားမှုတွေလည်း စနေကြပါပြီ။ အဲ့အတွက်ကြောင့် အဲပြင်ဆင်ရေးအတွက်ကို ဘယ်ပုံဘယ်နည်း သွားကြမလဲဆိုတဲ့အခါမှာ တဆက်တည်း ဖက်ဒရယ်ပြည်ထောင်စုအတွက်ပါဆိုရင် တမျိုးသားလုံး ပြန်ပြီးစုမိမယ့် ပြည်ထောင်စုညီလာခံတခုတော့ လိုပြီလို့ သုံးသပ်မိကြပါတယ်။ အဲဒီ ပြည်ထောင်စုညီလာခံဟာဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်ကြမလည်း ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးသင့်လဲဆိုတဲ့ မေးခွန်းကိုတော့ ဒီနေ့ကစပြီး ကြိုးပမ်းကြရတော့မှာပါ” လို့ ပြောပါတယ်။ ကော်မတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်ထောင်စုညီလာခံ ဖြစ်မြောက်ရေး တို့ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးပါတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့အစည်းတွေ အပါအ၀င် တပ်မတော်ကိုပါ ပူးပေါင်းလာအောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက “ပြင်ဆင်ရေးကိုပဲ ယေဘုယျ ကြိုးစားနေကြတာပါ။ ပြင်ဆင်ရေးဆိုတာလည်းပဲ ပြင်တာများရင် အသစ်လောက်ဖြစ်သွားတာပါပဲ။ သို့သော် ပြင်ဆင်ရေးကိစ္စဆိုတာ Process ပေါ့။ တထိုင်တည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ ဆိုတာက ပြင်ဆင်ရေးဆိုရင် ၂၀၁၅ နဲ့ တွဲတွဲမြင်နေတာရှိပါတယ်။ ၂၀၁၅ မတိုင်မီမှာ အတက်နိုင်ဆုံးညှိနှိုင်းပြီးတော့ ပြင်ဆင်ရမယ့် ပမာဏရှိပါတယ်။ ကျန်တဲ့ဟာတွေကလည်း ၁၅ အလွန်မှာ ဆက်ပြီး ကြိုးစားသွားရမှာဖြစ်တဲ့ အတွက်ကြောင့် ပြင်ဆင်ရေးဆိုတာ တကယ်တော့ တဖြည်းဖြည်းနဲ့ လိုအပ်သလောက်သာ ပြင်သွားရင် ကျနော်တို့ လိုချင်တဲ့ဆီကို ရောက်သွားမှာပါ။ ကျနော်တို့အဓိက ကတော့ ပြင်ဆင်တဲ့ဘက်ကို သွားနေတဲ့ အချိန်မှာ ၈၈နဲ့ NLD ပူးတွဲကြေညာချက်မှာ ပြင်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး စုံညီအစည်းအဝေးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ ရန်ကုန်မြို့တော် ၀င်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပြီးနောက် ၃၅ ဦးပါဝင်တဲ့ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024