ဗင်နီဇွဲလား ဆန္ဒပြပွဲတွင် အနည်းဆုံး ၃ ဦး သေဆုံး

956
ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ နီကိုလတ် မာဒူရို ပြီးခဲ့တဲ့နှစ်က တက်လာပြီးနောက်ပိုင်း အပြင်းထန်ဆုံး လူထုအုံကြွတွေ ဖြစ်ပွားနေတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကာရာကတ်မြို့မှာ အနည်းဆုံးလူ ၃ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
သမ္မတ မာဒူရိုကို ငွေဖောင်းပွမှု၊ ရာဇ၀တ်မှုနဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းမှုတွေကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘူးဆိုပြီး ပြစ်တင်ဝေဖန်နေတဲ့ အတိုက်အခံထဲက သဘောထား တင်းမာသူတွေက ဒီဆန္ဒပြပွဲတွေကို ဦးဆောင်နေတာလို့ ဆိုပါတယ်။
သမ္မတ မာဒူရိုကတော့ ဆန္ဒပြလူငယ် ၂ ဦး သေနတ်ပစ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့အတွက် ၀မ်းနည်းကြောင်းနဲ့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးအတွက် ခြေတလှမ်းမှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အစိုးရကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က သမ္မတဟောင်း ဟူဂိုချာဗက် အာဏာမရခင် အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ပုံစံအတိုင်း အတိုက်အခံတွေက လုပ်နေတာလို့ ပြောဆိုခဲ့ပါတယ်။
အစိုးရဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေဟာ ကာရာကတ်မြို့လယ်မှာ တဖက်နဲ့ တဖက် ကပ်ပြီး ဆန္ဒပြနေကြပြီး သေဆုံးသူ ၂ ဦးဟာ ကျောင်းသားတဦးနဲ့ အစိုးရထောက်ခံသူ လူငယ်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲတွေအတွင်း တခြားလူ ၂၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ၂၅ ဦး ကို ရဲက ဖမ်းထားတယ်လို့ ဆိုပါတယ်။
ရဲကား ၄ စီးဟာ မီးတင်ရှို့ခံရပြီး အစိုးရရုံးဌာနတွေဟာလည်း ဆန္ဒပြသူတွေရဲ့ ဖျက်ဆီးခံခဲ့ ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကာရာကတ်မြို့တော် အရှေ့ပိုင်းက ချကောင်းမြို့နယ်မှာလည်း ၃ ဦးမြောက် လူတဦး အသတ်ခံခဲ့ရတယ်လို့ ချကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
အစိုးရထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေဟာ အင်တာနက်လူမှုကွန်ရက်တွေမှာလည်း ပွဲဆူနေကြပြီး တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲပြစ်တင်နေကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြ အတိုက်အခံတွေက ဆန္ဒပြသူတွေပေါ် ပစ်ခတ်မှုတွေကို အစိုးရထဲက သဘောထား တင်းမာသူတွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ စွပ်စွဲထားပြီး အစိုးရကလည်း ပစ်ခတ်သူတွေကို ဖက်ဆစ်တွေလို့ ရည်ညွန်းခဲ့ပြီး အစီအစဉ်ရှိရှိ လုပ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လတ်တလောဆန္ဒပြပွဲတွေဟာ သမ္မတ မာဒူရိုကို ဖြုတ်ချနိုင်မယ့် အရိပ်အယောင် မရှိသေးဘူးလို့ သတင်းတွေက ဆိုပါတယ်။
