Home
သုံးသပျခကျြ
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး လမ်းပေါ်ရောက်ပြီလား (သုံးသပ်ချက်)
ရွှေအောင်
·
February 12, 2014
ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ပေးပို့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာမှာ ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်ဖော်ဆောင်နိုင်မှုဟာ အရေးကြီးတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ [caption id="attachment_51623" align="alignleft" width="274"]Khun Oat Kar ခွန်ဥက္ကာ[/caption] သမ္မတရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာထဲ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာမျိုး သုံးနှုန်း ရည်ညွှန်းဖော်ပြတာတော့ မတွေ့ရပါဘူး။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ပြောခွင့်ရ ခွန်ဥက္ကာက အစိုးရက ပြည်ထောင်စုစကားပဲ ပြောတယ်လို့ ဝေဖန်ပါတယ်။ “ကျနော်တို့ လိုချင်တာ ဖက်ဒရယ် စစ်စစ်ပေါ့။ အစိုးရ ဖက်ဒရယ်စကား မပြောဘူး၊ ပြည်ထောင်စု စကားပြောတယ်။ ပြည်ထောင်စုမှာမှ အစစ်လား၊ အတုလား ကျနော်တို့က ခွဲလို့ မရဘူး ဖြစ်နေတယ်။” ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာမှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမှပဲ ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မယ်လို့ ဆိုထားပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာတောင် မပေါ်ပေါက်လာသေးဘဲ ဒီမိုကရက်တစ် ဖက်ဒရယ်ဆိုတာ ဝေးမနေဘူးလားဆိုတော့ ၈၈ ငြိမ်းချမ်းပွင့်လင်း လူ့အဖွဲ့အစည်းက တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေးက ဝေးသေးပေမယ့် ရောက်အောင် သွားရမယ်လို့ ပြောပါတယ်။ [caption id="attachment_40504" align="alignright" width="304"]ko-mya-aye ဦးမြအေး[/caption] “ဝေးလွန်းတယ်ဆိုတာလည်း မှန်ပါတယ်။ မနီးသေးဘူးဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် မရောက်ရောက်အောင် သွားရမယ့် ပန်းတိုင်ဆိုတာ ကျနော်တို့ သိထားရမယ်။ ချက်ခြင်း လက်ငင်းကြီး ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်လို့တော့ မရသေးဘူးပေါ့ဗျာ။ တဆင့်ချင်း တဆင့်ချင်း သွားရမယ်။ ဘယ်သွားရမယ်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကတော့ ကျနော်တို့ဆီမှာ ရှိရမယ်။ အဲဒီကို သွားဖို့ လမ်းတခုကို ဖောက်နိုင်မယ်ဆိုရင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်တဲ့ လမ်းတခုပေါ်မှာ ကျနော်တို့ အားလုံး လျှောက်ကြမယ်။ ဒါကို ရည်ညွန်းချင်တာပါဗျ။” တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ဆွေးနွေးဘူး၊ အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံဖူးသူဖြစ်လို့ ဒီနှစ်ဘက်စလုံး ဘယ်လိုသဘောရှိလဲ ဆိုတော့ ဘုံဦးတူချက် တူကြတယ်လို့ ဆက်ပြောပါတယ်။ “နိုင်ငံတော် သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာတွေ မိန့်ခွန်းတွေမှာဆိုရင်လည်း နိုင်ငံရေး ယဉ်ကျေးမှု အဆင့်တရပ်ကို တက်လှမ်းသွားပြီတို့ နောက်တခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမယ် ဆိုတဲ့ အခြေအနေမျိုးတွေလည်း ပြောသွားတာ ဆိုသွားတာ အားလုံးကြားနေပြီပဲဗျာ။ ဒီဘက်ကလည်း အားလုံးရည်ညွှန်းနေတာလည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ရည်ညွှန်းနေတယ်။ လွှတ်တော်ထဲကလည်း အဲဒီအတိုင်းပဲ ပြောဆိုနေတာတွေ ကြားနေတယ်။ ကျနော်မြင်တာတော့ ဘုံဦးတည်ချက်အနေနဲ့ တူညီမှုတခုတော့ ရနေတယ်လို့ ထင်တယ်ဗျ။ သို့သော် ကျနော်တို့ တွေ့တဲ့အခါမှာ နီးမလိုလိုနဲ့ ကပ်လွှဲ ကပ်လွှဲလေးတွေ ဖြစ်နေတဲ့အပေါ်မှာ ကျနော်ကိုယ်တိုင်လည်း မချင့်မရဲ ဖြစ်မိတယ်။ ဒါဟာ ရိုးရိုးရှင်းရှင်း မစဉ်းစားလို့လား ဆန်းဆန်းပြားပြားပဲ စဉ်းစားနေလို့လား မပြောတက်ဘူးပေါ့ဗျာ။” [caption id="attachment_51624" align="alignleft" width="168"]Saw-Than-Mying-SNDP ဦးစောသန်းမြင့်[/caption] ဖက်ဒရယ်ဆိုတာကို စပြီး သုံးနှုန်း ပြောဆိုတုန်းပဲ ရှိသေးပြီး ဖက်ဒရယ်ပြည်ထောင်စု ရောက်အောင် အတော်သွားရဦးမယ်လို့ ဖက်ဒရယ်ယူနီယံပါတီ (FUP) ဒုတိယဥက္ကဌ ဦးစောသန်းမြင့်က သုံးသပ်ပါတယ်။ “အခုမှ ကျနော်တို့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်း မဟုတ်ပါဘူး ပြည်ထောင်စုပါလို့ စကားကို ပြန်ပြင်ပြီးတော့ သုံးနေရတဲ့ အနေအထားမျိုးပဲ ရှိတာပေါ့။ မကြာသေးခင်ကမှ ဖက်ဒရယ်ဆိုတဲ့ဟာကို ဒီနိုင်ငံက လူတိုင်းပါးစပ်မှာ သုံးနိုင်တဲ့ အနေအထား ရောက်တယ်။ အရင်က ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့က မကြာခင် ထောင်ထဲရောက်မယ်လို့ အားလုံးက ဒီလိုပဲ ယူဆနေကြတာလေ။ အဲဒီတော့ ဖက်ဒရယ် စနစ်က အခုမှ စပြီးတော့ ပါးစပ်မှာ စသုံးတယ်။ အစိုးရရော လွှတ်တော်ရော ပြည်သူတွေရော ပါတီခေါင်းဆောင်တွေရော အဖွဲ့အစည်းတွေရော စသုံးနေတဲ့ အနေအထားပဲရှိတယ်။ ဖက်ဒရယ်သွားဖို့တော့ အင်မတန်ကို ကြိုးစားရအုံးမယ်ခင်ဗျ။” ဖက်ဒရယ်အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ထဲမှာ ဖက်ဒရယ်အကြောင်း ဆွေးနွေးနေပြီလားလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို မေးမြန်းရာမှာ ထဲထဲဝင်ဝင် ဆွေးနွေး ပြောဆိုတာမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။ [caption id="attachment_51625" align="alignright" width="322"]U Phya Than ဦးဖေသန်း[/caption] “လွှတ်တော်ထဲမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင်ဆွေးနွေးတာတော့ မတွေ့ဘူးသေးပါဘူး။ ဒီလိုပဲ အလျင်းသင့်သလို ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးတာပဲ တွေ့ဖူးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖက်ဒရယ် စနစ်နဲ့ ပြည်ထောင်စု စနစ်နဲ့ ညီအောင် ပြုလုပ်မယ်ဆိုတဲ့ အသံမျိုးတွေ ထွက်လာတဲ့နောက်ပိုင်းမှာတော့ အရင်က ခေတ်ကလို ရှားရှားပါးပါး စကားလုံးတော့ မဟုတ်တော့ပါဘူး။ ဂျာနယ်တွေရော မီဒီယာတွေရော လွှတ်တော်မှာရော နိုင်ငံရေး အသိုင်းအ၀န်းမှာ ယဉ်ပါးလာတဲ့ စကားလုံးတခု ဖြစ်လာတယ်လို့ ကျနော် မြင်ပါတယ်။” ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရမယ်၊ ဖွဲ့စည်းပုံပြင်ဖို့ ဆိုတာကလည်း လွှတ်တော်ထဲ အားအကောင်းဆုံးဖြစ်တဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အားလုံး သဘောတူမှ ဖြစ်မယ်လို့လည်း သုံးသပ် ပြောကြားပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဖက်ဒရယ် ပြည်ထောင်စုဆီ သွားမယ့် လမ်းမပေါ် ခြေချလိုက်နိုင်ပြီလို့ သုံးသပ် ပြောကြားလိုက်ပါတယ်။ [caption id="attachment_51626" align="alignleft" width="300"]U khin mg swe ဦးခင်မောင်ဆွေ[/caption] “ဖက်ဒရယ်ပြည်ထောင်စုဆီကို တကယ်တန်းသွားမယ့် လမ်းမပေါ်ကိုတော့ ခြေချမိသွားပြီပေါ့။ ဒီ ပြည်ထောင်စုနေ့က စပြီး ခြေချတဲ့ မှတ်တိုင်အဖြစ် ရမှာပါ။ ရောက်ပြီလို့တော့ ပြောမရသေးပါဘူး။ ဆက်သွား ကြရမှာကိုး။ ငြိမ်းချမ်းရေး ရပြီးနောက်ပိုင်းမှာတော့ဖြစ်ရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ဟာက အနှစ်သာရရော၊ အသွင်သဏ္ဌာန်ရော၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေရော၊ တန်းတူညီမျှခွင့်တွေရော၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေရော တိုင်းရင်းသားပြည်သူတွေ အားလုံးရဲ့ ၀ိဝါဒ အခွင့်အရေးတွေကို အသိအမှတ် ပြုပြီး အာမခံချက်ရှိမယ့် အနေအထားမျိုးကို ရောက်သွားတော့မှာမို့လို့ ဒါကြောင့် ကျနော်က ဒီပြည်ထောင်စုနေ့ဟာ ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် သွားမယ့် ခရီးရဲ့ လမ်းမပေါ်မှာ ခြေတလှမ်းချလိုက်ပြီလို့ စပြောတာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024