Home
မြန်မာသတင်း
NLD ပါတီကို ကိုယ်စားပြု ပြောဆိုနိုင်သူအဖြစ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်ကော်မတီဝင်များသာရှိ
DVB
·
February 8, 2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ကိုယ်စားပြုပြီး ပြောဆိုနိုင်သူမှာ ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်ကော်မတီကသူတွေပဲ ရှိတာကြောင့် အဲဒီသူတွေ မဟုတ်ဘူးဆိုရင် ပါတီကို ကိုယ်စားပြုတဲ့ တွေ့ဆုံမှု မဟုတ်ဘူးလို့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။ 

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့  NLD ရဲ့သဘောထားကို သိချင်ရင် စစ်ကောင်စီရဲ့ခွင့်ပြုယူပြီးမှ တွေ့ဖို့မလိုဘူးလို့လည်း ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။

မကြာခင် မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ တွေ့ခွင့်ပြုမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဇန်နဝါရီ ၂၆ ရက်က အလွတ်သဘော အွန်လိုင်းက တွေ့ဆုံချိန်မှာ ကတိပေးခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးအရာရှိရဲ့ ပြောစကားကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာနတွေက ရေးသားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကြောင့် အာဆီယံအထူးသံတမန်ကို ဘယ် NLD ပါတီဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးမလဲ ဆိုတာအပါဝင် အာဆီယံအထူးသံတမန် မြန်မာနိုင်ငံကို ဘယ်နေ့ ရောက်လာမလဲဆိုတာကို အခုချိန်ထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ 

နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံပြီး ပါတီကိုယ်စားပြုပြောဆိုနိုင်သူမှာ ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့က တာဝန်ပေးထားတဲ့ ဗဟိုအလုပ်ကော်မတီပဲရှိပြီး လက်ရှိအချိန်ထိတော့ နိုင်ငံတကာအဖွဲ့အစည်းတာဝန်ရှိသူတွေကို တွေ့ဆုံဖို့ ဆက်သွယ်လာတာမရှိသေးဘူးလို့  အဲဒီကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

''ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တာဝန်ပေးထားတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကပဲ NLD ပါတီကို ကိုယ်စားပြုတယ်လို့ သတ်မှတ်လို့ရနိုင်မှာဖြစ်ပါတယ်။  လောလောဆယ်မှာတော့ NLD ပါတီရဲ့ ပါတီလုပ်ငန်းစဉ်အကုန်လုံးကို လုပ်ဆောင်နေတာကတော့ ဗဟိုအလုပ်ကော်မတီ ရှိပါတယ်။ ဒါတွေမဟုတ်ဘူးဆိုရင် NLD ရဲ့ ဆိုင်းဘုတ်ကိုင် ခေါင်းစဉ်တပ်ပြီးတော့ တွေ့တဲ့သူတွေဟာ ဘယ်သူမဆို NLD ကို ကိုယ်စားပြုတာမဟုတ်ဘူး။ သီးသန့်ပုဂ္ဂိုလ်ရေးအရတွေ့တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။  NLD ကို ကိုယ်စားပြုတဲ့ တွေ့ဆုံမှုတော့ လုံးဝမဟုတ်ပါဘူး။ ကိုယ်တွေ့ဆုံတဲ့အခါမှာလည်း ကိုယ်စားပြုခွင့်မရှိဘဲနဲ့ ကိုယ်စားပြုသယောင် NLD ပါတီကို အသုံးချပြီး ခုတုံးလုပ် အလွဲသုံးစားလုပ်ပြီး တွေ့တဲ့သူအကုန်လုံးဟာ သမိုင်းရဲ့ဒဏ်ခတ်ခြင်းကို ခံရမှာဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး နိုင်ငံခေါင်းဆောင်တွေအပြင် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ဖမ်းဆီးခဲ့တာကြောင့် ပါတီလုပ်ငန်း ဆောင်ရွက်ချက်အားလုံးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ဗဟိုအလုပ်ကော်မတီကိုဖွဲ့စည်းခဲ့တာပါ။

NLD ပါတီ ဥက္ကဋ္ဌအပါအဝင် အလုပ်အမှုဆောင်အားလုံး လွတ်လပ်စွာ စုံညီအစည်အဝေး ကျင်းပနိုင်ခြင်း မရှိခင်အချိန်ထိ အဖွဲ့ချုပ်ရဲ့အခြေခံမူဝါဒတွေ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေ ပြည်တွင်းပြည်ပ ပါတီချင်း ဆက်ဆံရေးတွေကို ဆောင်ရွက်နိုင်ဖို့ ဗဟိုအလုပ်ကော်မတီကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရေးရာကော်မတီများ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ အစည်းအဝေးကို တက်ရောက်လာကြသူအားလုံးရဲ့ သဘောတူညီချက်အရ ဗဟိုအလုပ်ကော်မတီကိုဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်ကော်မတီမှာ ပါတီဗဟိုအလုပ်အမှုဆောင်တွေဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ ဦးမျိုးနိုင်၊ အရန်ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်ဆောင် ဦးစီးကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွန်းမြင့်၊ ဦးကျော်ထွေးနဲ့ ဦးဝင်အောင်တို့ကို ပါဝင်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ NLD ပါတီဝင်တွေနဲ့ အာဆီယံအထူးသံတမန်ကို သွေးရိုးသားရိုးစိတ်နဲ့ ပေးတွေ့တာမျိုးလုပ်မှာမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းကသူတွေအနေနဲ့ NLD ရဲ့သဘောထားကို သိချင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုယူပြီး တွေ့ဖို့မလိုဘူးလို့ ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးကျော်ထွေးက ပြောဆိုပါတယ်။
“တကယ်တမ်း နိုင်ငံတကာအဖွဲ့အစည်းတွေကို NLD ပါတီနဲ့တွေ့စေချင်ရင် NLD ပါတီခေါင်းဆောင်တွေကို လွှတ်ပေးပြီးတော့ အဲဒီခေါင်းဆောင်တွေနဲ့ တွေ့ခြင်းကသာ ပါတီကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအရ အဆင့်တန်းရှိတဲ့တွေ့ဆုံမှုတွေ ဖြစ်မယ်လို့ မြင်ပါတယ်။  ဆိုရှယ်မီဒီယာခေတ်ကြီးမှာ နည်းလမ်းမျိုးစုံနဲ့ တွေ့လို့ရရင် ရနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ခွင့်ပြုသမျှနဲ့ပဲ သွားနေမယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းတွေက နိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွားကို တကယ် ဆောင်ရွက်ပေးချင်တဲ့သူတွေလား၊ စစ်ကောင်စီကပြတဲ့ ဇာတ်မှာပဲ လိုက်ကချင်တဲ့သူတွေလား ဆိုတာတော့ အဖြေထွက်မှာပေါ့ဗျာ” လို့ ပြောပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့နေ့ကစပြီး တစ်နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ပါတီ အဖွဲ့ဝင် ၆၈၆ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ပါတီဗဟိုအလုပ်ကော်မတီက  ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီရုံးတွေကို ဖောက်ခွဲဖျက်ဆီးကာ မီးရှို့မှုတွေနဲ့ တရားမဝင် ဖောက်ထွင်းဝင်ရောက်မှု ၉၁ ကြိမ် ဖြစ်ခဲ့ပြီး ပါတီဝင် ၁၁၇ ယောက်နီးပါးရဲ့ နေအိမ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချိတ်ပိတ်ခြင်းကို ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024