မြေစာများ ဥရုချောင်းအနီး စွန့်ပစ်မှု ဒေသခံများ စိုးရိမ်

မြေစာများ စွန့်ပစ်နေစဉ် (ပြီးခဲ့တဲ့ နှစ်တွေက)
638
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကုမ္ပဏီတချို့ လုပ်ကိုင်ခွင့်ရထားတဲ့ ကျောက်စိမ်း လုပ်ကွက်မှာ လမ်းပြင်တာကို အကြောင်းပြပြီး ထွက်လာတဲ့ မြေစာတွေကို ဥရုချောင်းအနီးမှာ သွန်ချနေတဲ့အတွက် မိုးရာသီရောက်ရင် ချောင်းပိတ်ပြီး ရေကြီးမှာ စိုးရိမ်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။
ကုမ္ပဏီတွေ လုပ်ဆောင်ခွင့်ရထားတဲ့ လုပ်ကွက်အနီးက ကားလမ်းကို ပြင်ဆင်နေရာကနေ ထွက်လာတဲ့ မြေစာတွေကို အခုလို ပုံနေတဲ့အတွက် ဒေသခံတွေက စိုးရိမ်နေတာလို့ ဒေသခံ ဦးလာဆိုင်းက ပြောပါတယ်။
[caption id="attachment_51508" align="alignleft" width="350"]
မြေစာသည်ကား (ဓာတ်ပုံ - CJ)[/caption]
“မြန်မာတကောင်းကုမ္ပဏီကနေ ဘယ်လိုဘယ်ပုံစံ လုပ်လဲတော့မသိဘူး။ လမ်းပြင်တယ်ဆိုပြီးမှ ယန္တရားကြီးကြီးတွေနဲ့။ လုပ်ငန်းကို ၂၀၁၂ ခုနှစ် မေလ ၂၆ ရက်နေ့မှာ နိုင်ငံတော်ကနေပြီး သတ္တုတွင်းတွေ အကုန်လုံး ပိတ်ပင်ထားလျက်နဲ့ အခု အဲလို လုပ်နေတော့ တမျိုးဆန်းကြယ်နေတဲ့ အနေအထားမျိုးပေါ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကလည်း တဦးနဲ့တဦး မပြောရဲမဆိုရဲတဲ့ အနေအထားမျိုး ရောက်နေတယ်။ လမ်းလုပ်တယ်ဆိုပြီး အကြောင်းပြပြီး မြေစာတွေကို တနေရာမှာ သွားပစ်တယ်။ သူတို့ပစ်တဲ့နေရာကလည်း ဥရုချောင်းနဲ့ မနီးမဝေးမှာ ဖြစ်နေတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီအနေနဲ့ လမ်းလုပ်တယ်ဆိုပြီး အကြောင်းပြပြီး မြေစာတွေကို ပြန်စွန့်ပစ်နေတာကို ရေကြောင်းရှင်းလင်းရေး အဖွဲ့တွေက စိုးရိမ်တယ်။ မိုးတွင်းဆိုရင် အဲဒီမြေစာတွေ ဥရုချောင်းထဲကို ပြန်ဆင်းလာတဲ့ အနေအထားမျိုး တွေ့ရတယ်။ အဲဒီအပေါ်မှာလည်း သူတို့ ဘယ်ကိုပြောလို့ ဘယ်ကို ဆိုရမလဲ မသိဖြစ်နေတယ်။ လမ်းလုပ်တယ်ဆိုရင် တရက် နှစ်ရက်ဆို ပြီးရမယ့် ကိစ္စလေ။ အခုက လမ်းလုပ်တာမဟုတ်တာ သေချာသွားတာပေါ့။”
ဥရုချောင်း ရေကြောင်းရှင်းလင်းရေး ကော်မတီက ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့် မြေစာတွေပုံနေတဲ့အတွက် ကော်မတီအနေနဲ့ စိုးရိမ်နေတယ်လို့လည်း သူက ရှင်းပြပါတယ်။
ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို ၂၀၁၂ ခုနှစ် မေလကနေစပြီး ပိတ်ထားခဲ့တာ ဖြစ်ပေမယ့် ဒီလုပ်ကွက်အတွင်းမှာ ကားလမ်းပြင်ဆင်တာကို အကြောင်းပြပြီး ကျောက်တူးဖော်နေတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက စွပ်စွဲ ပြောဆိုပါတယ်။
ကျောက်တူးဖော်ရေး လုပ်ငန်း ပိတ်ပင်ပြီးတဲ့နောက် တပိုင်တနိုင် လာရောက်တူးဖော်တဲ့သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုတော့ ကုမ္ပဏီနဲ့ အာဏာပိုင်တို့ ပူးပေါင်းပြီး တူးဖော်တာတွေကို တိတ်တဆိတ် လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေက ဒေါသဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်နေတာဟာ ၂ ပတ်နီးပါး ရှိနေပြီ ဖြစ်သလို ဟန့်တားမယ့်လူ မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
[caption id="attachment_51509" align="alignright" width="350"]
မြေစာများ စွန့်ပစ်နေစဉ် (ဓာတ်ပုံ - CJ)[/caption]
ဒါ့အပြင် တခြားကုမ္ပဏီတခုကလည်း မြေစာတွေကို သွန်ချနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အဲဒီနားမှာ သူတို့ ကျောက်တူးနေတာ။ မြေကားတွေ ၇ စီးနဲ့ ဥရုချောင်းထဲကိုလည်း မြေစာတွေ သွန်ချနေတယ်။ ဥရုချောင်းထဲကို မြေစာတွေ ကျမယ်ဆိုရင် ဖားကန့်မြို့ကြီးက မြေမြုပ်မှာပေါ့။ ဥရုချောင်းမှာ သူတို့က ချောင်းရှင်းလင်းရေးလုပ်နေတယ်။ သူတို့က မြေသြဇာတွေ ချောင်းထဲချ လိုက်ရင် ချောင်းရှင်းလင်းရေးအဖွဲ့က ရှင်းမှာပဲဆိုပြီး သူတို့က အဲလိုသဘောနဲ့ လုပ်နေတာ။”
ဖားကန့်က ကျောက်တူးရာကနေ ထွက်လာတဲ့ မြေစာတွေကို စွန့်ပစ်မှုကြောင့် ဥရုချောင်း ဟာ တိမ်ကောလာနေသလို ဒီအကျိုးရလဒ်ကြောင့် ဖားကန့်မှာ မိုးရာသီရောက်တိုင်း ရေကြီးတာကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။