ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များကို တပတ်အတွင်း ဖယ်ရှားခိုင်း

သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရစဉ်က

ရွာဖျက်ခံလို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးကျေးရွာသားတွေကို အစိုးရက ဘုန်းကြီးကျောင်းကနေ တပတ်အတွင်း ဖယ်ရှားပေးဖို့ ညွှန်ကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် တပ်ပိုင်မြေမှာ သမီးကလေးကျေးရွာတည်တာဟာ ကျူးကျော်ဆောက်လုပ်တယ်ဆိုပြီး လွန်ခဲ့တဲ့ရက်ပိုင်းက  အင်အားသုံးပြီး အိမ်ခြေတွေကို ဖျက်ခဲ့လို့ အိမ်ဖျက်ခံရသူတွေဟာ ပဲခူးမြို့ရှိ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။

သူတို့ဟာ ဘုန်းကြီးကျောင်းမှာ မခိုလှုံခင်က ပဲခူးတိုင်းအတွင်းရှိ လမ်းနံဘေးမှာ တဲထိုးနေကြပေမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေက ထပ်မံဖယ်ခိုင်းလို့ ဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာဖြစ်ပြီး အခု ထပ်မံ ဖယ်ခိုင်းခံခဲ့ရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

အောင်သိဒ္ဓိ ကျောင်းထိုင် ဘုန်းတော်ကြီးကတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကို ဆက်လက်ခိုလှုံခွင့်ပြုဖို့ သက်ဆိုင်ရာကို တင်ပြမယ်လို့ ဆိုပါတယ်။

ကျောင်းပရ၀ုဏ်ထဲမှာ ကျောင်းသားနဲ့ ကျောင်းသားမိဘအပါအ၀င် စုစုပေါင်း လူဦးရေ ၅၀၀ လောက် ခိုလှုံနေကြပြီး အစိုးရအနေနဲ့ သူတို့အတွက် နေစရာတခု သတ်မှတ်ပေးသင့်တယ်လို့ ခိုလှုံနေသူတဦးက ပြောပါတယ်။

လှည်းကူးမြို့နယ် လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက ဒီမြေတွေဟာ အရင်တုန်းက စီးပွားရေးသမားတွေက တရားမ၀င်ဝယ်ယူပြီး ဆင်းရဲသားတွေကို အခမဲ့ လာနေဖို့ ပေးခဲ့ကြောင်း၊ အဲဒီနောက် ရပ်ကွက်တည်ပြီး တရားဝင်မြေဖြစ်အောင် ကစားခဲ့တာလို့ ဆိုပါတယ်။

[caption id="attachment_51351" align="aligncenter" width="450"]သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရစဉ်က သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရစဉ်က[/caption]

ဒါကြောင့် မြေယာအရေးဆောင်ရွက်သူတွေ၊ ဆင်းရဲသားတွေနဲ့ မီဒီယာတွေဟာ စီးပွားရေးသမားတွေရဲ့ အသုံးချခံလိုက်ရတဲ့ အကောင်းဆုံးသင်ခန်းစာကြီးအဖြစ် သူက ရည်ညွှန်းပြောဆိုခဲ့ပြီး ကြားထဲက  ဆင်းရဲသားတွေက ခံလိုက်ရတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေ ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး အခု ထပ်မံဖယ်ရှားခိုင်းခံရတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ကျွဲတဲကျေးရွာအပါအ၀င် ကျေးရွာအချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်သိမ်းဆည်းပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသံဖိုင် နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up