ပါကစ္စတန်နိုင်ငံက ကမ္ဘာ့ဘောလုံးထုတ်လုပ်ရာ မြို့တော်

ဘောလုံးစက်ရုံ အလုပ်သမားများ

ပါကစ္စတန်နိုင်ငံက ဆီယလ်ကော့တ်မြို့အကြောင်း ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် ဒီမြို့က ၁ နှစ်ကို ဘောလုံး သန်း ၄၀ လောက် ထုတ်လုပ်ပေးနေတာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် တကမ္ဘာလုံး ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်းလောက်  ရှိနေတာပါ။

ဒီနှစ်မှာတော့ ဘရာဇီးလ်နိုင်ငံက ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ကုန်အမှာစာ ပမာဏအများကြီးကို ဒီမြို့က ထုတ်လုပ်ပေးဖို့ ရရှိထားပါတယ်။

ဒါပေမယ့် စိတ်လှုပ်ရှားစရာများ အားလုံးရဲ့နောက်ကွယ်ကို ကြည့်လိုက်ရင် ပြင်းထန်ရက်စက်တဲ့ အမှန်တရားတွေက ဘောလုံးထုတ် စက်ရုံတွေမှာ ရှိနေပါတယ်။

အသက် ၃၅ နှစ်အရွယ် မိုဟမ်မဒ် အစ်ဒ်ရီးစ်ဟာ သူ အလုပ်လုပ်နေတဲ့ ဆီယလ်ကော့ထ်မြို့က စက်ရုံဆီ ချိုင်းထောက်အကူအညီနဲ့ ခပ်ဖြည်းဖြည်းပဲ လျှောက်လာနေပါတယ်။ သူဟာ အဲဒီစက်ရုံမှာ ဘောလုံးတွေကို ချုပ်လုပ်တဲ့ အလုပ် လုပ်လာတာ ၁၇ နှစ်ကျော် ရှိနေပြီဖြစ်ပြီး အဲဒီကရတဲ့ ၀င်ငွေ တနေ့ ၃ ဒေါ်လာနဲ့ သူ့ဇနီးနဲ့ ကလေး ၆ ယောက်တို့ကို ရှာကျွေးနေတာလည်း ဖြစ်ပါတယ်။

စက်ရုံထဲမှာ တခြားအလုပ်သမား ၃၀ လောက်နဲ့အတူ ကုလားထိုင် ခပ်နိမ့်နိမ့် တလုံးမှာ ထိုင်နေတဲ့ အစ်ဒ်ရီးစ်က “ကျနော် အသက်မွေးဝမ်းကျောင်းဖို့ တခြားပညာရပ်တွေကိုမှ မတတ်တာလေ။ အဲဒီတော့ ကျနော်တို့ရွာမှာ ဘောလုံးစက်ရုံသာ မရှိခဲ့ဘူးဆိုရင် ကျနော်တို့လည်း တခြားမြို့တွေကို လှည့်ပတ်သွားပြီး လမ်းပေါ်မှာ လိုက်တောင်းစားရတာနဲ့ပဲ အဆုံးသတ်ရတော့မှာပေါ့။ ခု ကျနော် အလုပ်လုပ်တာက ကျနော့်ကိုယ်တိုင်အတွက်ရော ကျနော့်နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်ရောပေါ့။ ပိုက်ဆံရှာရတာ လေးစားမှုလည်း ရှိတာပေါ့” လို့ ပြောပါတယ်။

[caption id="attachment_51494" align="alignright" width="672"]ဘောလုံးစက်ရုံ အလုပ်သမားများ ဘောလုံးစက်ရုံ အလုပ်သမားများ[/caption]

သူ့ဇနီး ရှာဇီယာ အစ်ဒရီးစ်နဲ့ သူ့သမီး ၂ ယောက်တို့လည်း ဒီစက်ရုံမှာပဲ အလုပ်အတူတူ လုပ်နေကြတာပါ။ အိမ်မှာ ကလေးထိန်းဖို့ လူမရှိတာကြောင့် ရှာဇီယာက သူ့ရဲ့ ၄ နှစ်အရွယ် သားငယ်လေးကို အလုပ်ထဲကို ခေါ်လာရတယ်လို့ ပြောပါတယ်။

“ကျမတို့ ၂ ယောက်လုံး အလုပ်လုပ်နေတဲ့အခါကျတော့ မိသားစုအတွက် ကျမတို့ ဖြည့်ဆည်းပေးနိုင်ရုံတော့ တတ်နိုင်တာပေါ့။ အဲလိုမှ မဟုတ်ရင် ကျမတို့ ကုန်ကျစရိတ်တွေ အားလုံး အတွက် ဘယ်လိုမှ ပေးနိုင်မှာ မဟုတ်ဘူးလေ။ တခါတလေကျတော့ ကျမယောက်ျား သူ့ခြေထောက်က နာလို့ အလုပ်မဆင်းနိုင်ဘူးရှင့်။ အဲလိုကျတော့ ကိစ္စတွေက သိပ်ကိုခက်ခဲတာပါပဲ။”

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာတ၀ှမ်းက ဘောလုံးအသင်းတွေအတွက် နှစ်စဉ် ဘောလုံးပေါင်း သန်း ၂၀ လောက်ကို ထုတ်လုပ်ပေးနေတာပါ။ ဆီယလ်ကော့ထ်မြို့ကတော့ တမြို့လုံးမှာ ဘောလုံးစက်ရုံ ၂၀၀၀ လောက်ရှိပြီး ကမ္ဘာ့ဘောလုံးထုတ်လုပ်တဲ့မြို့တော်လို့ သိကြပါတယ်။ မြို့ရဲ့အ၀င်ဝမှာဆိုရင် ရွှေရောင်ခြယ်ထားတဲ့ ဘောလုံးကြီးကိုတောင် စိုက်ထူထားပါတယ်။

ဆက်ဖှ်ဒါ ဆန်ဒေါလ်ဟာ ပါကစ္စတန်လုပ် ဘောလုံးတွေကို နိုင်ငံခြားကို တင်ပို့တဲ့ ပထမဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်ပါတာ်။ သူ့ရဲ့ တန်ဂို အမည်ရှိ ဘောလုံးကို ၁၉၈၂ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အသုံးပြုခဲ့ပါတယ်။

ဆက်ဖှ်ဒါ ဆန်ဒေါလ်က “ဒီအချိန်မှာတော့ ကျနော် ပြောပြရမှာ ပျော်တယ်ဗျ။ ကမ္ဘာ့ဖလားကြောင့် ကျနော့်စက်ရုံကသာ ဘောလုံးထုတ်လုပ်မှု တိုးလာတာ မဟုတ်ဘဲ မြို့ထဲက စက်ရုံအားလုံးမှာလည်း သူတို့ထုတ်လုပ်မှုက ၃၅ ရာခိုင်နှုန်းလောက်နီးနီးကို တိုးလာကြတာ” လို့ ပြောပါတယ်။

မျိုးဆက်တွေအတွက်ကတော့ ဘောလုံး ပြုလုပ်ခြင်းဟာ မြို့တော်အတွက် အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်ပြီး၊ ခုအချိန်မှာတော့ လူပေါင်း ၂ သိန်းလောက် အလုပ်အကိုင်တွေ ရနေကြတာပါ။

ငယ်ငယ်လေးကတည်းက ဘောလုံးစက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် ဂါဖူး ဟူစိန်က “ဘောလုံးကန်တာဟာ ကစားနည်းတခုပါ။  ဘောလုံးသမားတွေ အတွက်ဆိုရင် စိတ်ပျော်စေတဲ့ အရာတခုပေါ့။ တခြားသူတွေအတွက်ကတော့ ၀င်ငွေရစေတဲ့ အကြောင်းတရပ်ပါ။ ကျနော်ကတော့ ဘောလုံးကို ချစ်တယ်။ ဘာလို့လဲဆိုတော့ ဘောလုံးတွေ မချုပ်ရရင် ကျနော့်မိသားစု စားနိုင်သောက်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော် သိနေတယ်လေ။ ကျနော့်ကလေးတွေကိုတော့ ကျနော့်လို ဘ၀ မဆုံးစေချင်ပါဘူး။

ဆီယလ်ကော့ထ်မြို့ဟာ ကမ္ဘာ့ လက်ချုပ်ဘောလုံးတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်နေတာဖြစ်ပြီး အက်ဒီးဒက်စ်၊ နိုက်ကေးနဲ့ ရီးဘော့က် တို့လို ကမ္ဘာကျော်တံဆိပ်တွေကို ရောင်းချပါတယ်။

ဒါပေမယ့် ကလေး ၈ ယောက်မိခင်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ရစ်ဖှတ် နာဆီယာကတော့ ဘောလုံး ၂ လုံး ချုပ်ခအတွက် ၁ နေ့ကို ၁ ဒေါ်လာပဲ ရတယ်လို့ ပြောပါတယ်။

“ကျမ အိမ်ထောင်ကျပြီးတော့ တခြားအမျိုးသမီးတွေ အိမ်မှာပဲ ဘောလုံး ချုပ်တာတွေ တွေ့လိုက်ရတဲ့အခါ ကျမလည်း ဘောလုံးချုပ်ပုံချုပ်နည်းတွေကို စ သင်ခဲ့ပါတယ်။ ကျမရဲ့အမြင်အားတွေလည်း ဆိုးရွားလာပြီးတော့ နောက်ကြောတွေတက်၊ ပခုံးတွေလည်း နာ။ ဒါပေမယ့် ကျမ မိသားစုကြီးကို ထောက်ပံ့ဖို့ ကျမ အလုပ် လုပ်ရဦးမယ်။ ကျမ အလုပ် ပိုပြီး ကြိုးစားရဦးမယ်။”

အရင်တုန်းကတော့ ဘောလုံးစက်ရုံ အလုပ်သမားတွေဟာ ကလေးငယ်တွေပါ။ ဒါပေမယ့် နိုင်ငံတကာ သတိပေးပြောဆိုချက်တွေ ထွက်လာပြီးနောက်မှာတော့ ဆီယလ်ကော့ထ်မြို့မှာ ၂၀၀၇ ခုနှစ် ကတည်းက ကလေးအလုပ်သမားတွေကို တားမြစ်ကန့်သတ်လိုက်ပါတယ်။

ကလေးတွေကို အလုပ်ခန့်နေကျ ဘောလုံးစက်ရုံတရုံက မန်နေဂျာ လီယာကတ် ချတ်ဒရီက “အစိုးရက ကလေးအလုပ်သမားတွေကို စက်ရုံတွေမှာ မလုပ်ခိုင်းတော့တဲ့ အခါကျတော့ ဘောလုံးထုတ်လုပ်နှုန်းလည်း ကျသွားတယ်လေ။ ခုကျတော့ အလုပ်သမား ရှာဖို့ ခက်သွားတာပေါ့” လို့ ပြောပါတယ်။

လုပ်ခတွေကလည်း ဈေးနည်းလှပါတယ်။ အမျိုးသမီးအလုပ်သမားတွေဟာ တပတ်ကို ဒေါ်လာ ၂၀ လောက် ၀င်ငွေရှိချိန်မှာ အမျိုးသားအလုပ်သမားတွေကတော့ အဲဒီပမာဏထက် ၂ ဆလောက် ရပါတယ်။ ဒီအခြေအနေကို တိုးတက်ဖို့ သူတို့ တခုခု လုပ်နေပါတယ်လို့ ဆီယလ်ကော့ထ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ဒေါက်တာ ဆာဖရက်ဇ် ဘာရှီရာက ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ ဒါကို မကြာမကြာ လုပ်နေပါတယ်။ ပို့ကုန်သမားတွေက သူတို့ပစ္စည်းတွေအတွက် ဈေးကောင်းရတယ်ဆိုရင် အလုပ်သမားတွေအတွက် လုပ်ခကောင်းကောင်း ပြန်ပေးရမယ်ပေါ့ဗျာ။”

မိုဟမ်မဒ် အစ်ဒ်ရီးစ်နဲ့ သူ့ဇနီး ရှာဇီယာက ကလေးတွေကို စာကောင်းကောင်း သင်ပေးဖို့ ဆုတောင်းပေမယ့် ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျမ ကလေးတွေ စာကောင်းကောင်း သင်နိုင်ပါစေလို့ ကျမ ဆုတောင်းပါတယ်။ ဒါပေမယ့် အဲဒါက ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ တတ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ကုန်ကျစရိတ်လည်း တတ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ ကျမတို့ သူတို့အတွက် စားဖို့သောက်ဖို့ကိုတောင်မှ အနိုင်နိုင် ဖြည့်ဆည်းပေးနေရတာပါ။ ကျမ သားသမီးတွေရဲ့ ဘ၀တွေကလည်း ကျမတို့လိုပဲ လာမယ်ဆိုတာ ကျမ သိပါတယ်။ ကျမတို့ဘ၀တွေကလည်း ဘယ်တော့မှ ပြောင်းလာမှာ မဟုတ်ဘူးဆိုတာ ကျမ သိပါတယ်။”

ရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မူဒက်ဆာရှားက ပါကစ္စတန်နိုင်ငံ ဆီယလ်ကော့ထ်မြို့ကနေ သတင်းပေးပို့တားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up