Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်း စစ်ဆေးရေးဂိတ်များ၌ ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်
DVB
·
January 31, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာတွေကို ကုန်ပစ္စည်း သယ်ယူပို့ဆောင်သွားလာနေကြတဲ့ မော်တော်ယာဉ်တွေကို  ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားပြီး တင်းကျပ်စစ်ဆေးနေတာကြောင့် ကားတွေ ရပ်နားထားရတယ်လို့ ဒေသခံကားသမားက ပြောပါတယ်။

"ဘယ်လိုလုပ်ပြီး ကားတွေထွက်မလဗျာ။ ကားတစ်စီးကို ဆန် ၃ အိတ်နဲ့ အရက် ၃ ပုလင်း၊ မာမီခေါက်ဆွဲတစ်ဖာသာသယ်ယူခွင့်ပြုတယ်။ အဲဒီဝယ်ခဲ့တဲ့ ပစ္စည်းတွေကို ဝယ်လာတဲ့ ဆိုင်ရဲ့နာမည်ပါ ဘောက်ချာကိုပြရတယ်။ ဘယ်နေရာဘယ်ကျေးရွာကိုပို့မယ် လက်ခံမယ် နေအိမ်ရဲ့ နာမည်တွေပါ အတိအကျပေးရတယ်။ ဆီစျေးကကြီးတော့ ဘယ်လို့မှကား မထွက်နိုင်တောဘူး။" လို့ မောင်တောမြို့က ကားသမားကိုရွှေသိန်းက ပြောပါတယ်။

တင်းကျပ် စစ်ဆေးတာတွေ များလာလို့  ဇန်နဝါရီ ၃၀ ရက်ကစပြီး ကားတွေ ရပ်နားထားကြတာ ဖြစ်ပါတယ်။

ကားပိုင်ရှင် ကိုလှမောင်သာက "ကားတစ်စီးထွက်ဖို့ဆိုတာ အခွန်ထွက်လို မရဘူးလေ။ ဆီစရိတ်ကာမိဖို့လိုတယ်။ စပယ်ယာနဲ့ ဒရိုင်ဘာကြေး ကာမိဖို့လိုတယ်။ မြောက်ပိုင်းကိုကားတွေထွက်နေတာက လူထက် ကုန်ပစ္စည်းတွေ သယ်တာက အဓိက။ ကျေးရွာတွေက စျေးဆိုင်လေးတွေအတွက်သယ်ယူ ရတာလေ။"လို့ ပြောပါတယ်။

ကုန်ကားသမားတွေဟာ မောင်တောမြောက်ပိုင်းက ကျေးရွာတွေမှာဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေ အတွက် ခေါက်ဆွဲခြောက်၊ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေ အပြင် အရက်နဲ့ စီးကရက် စတာတွေပါ သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ 

မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှုတွေ  အခုလိုကန့်သတ်ထားပါက ဒေသခံ သာမန်လူတန်းစားတွေသာ အခက်အခဲတွေ့နိုင်ပြီး  နောက်ပိုင်းမှာ ကုန်သွယ်ခွင့်ကိုယ်စားလှယ်တွေ ပေါ်လာနိုင်တယ်လို့ မောင်တောမြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်က သုံးသပ် ပါတယ်။

"ကုန်စည်စီးဆင်းမူကို ကန့်သတ်ထားလို့တောမရဘူးလေ။ ဝေးတဲ့ကျေးရွာတွေက ပြည်သူတွေ ဒုက္ခရောက်သွားမှာပေါ့။ ဒီလိုသာကန့်သတ်ထားယင် နောက်ပိုင်း ကုန်စည်သယ်ယူခွင့် ကိုယ်စားလှယ်တွေပေါ်လာလိမ်မယ်။”

ဇန်နဝါရီလ ၂၇ ရက်က  မောင်တောမြောက်ပိုင်းသို့ သွားရောက်တဲ့ လူငယ် ၃၁ ယောက်ကို ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တဲ့နေ့ကစလို့  အခုလို ကုန်စည်သွယ်ယူခွင့် ကန့်သတ်ချက်တွေအပြင်  ကားဒရိုင်နဲ့ ကားကိုပါ တွဲပြီး ဓာတ်ပုံ မှတ်တမ်းတင်တာတွေပါ ပြုလုပ်နေတာ ဖြစ်ပါတယ်တယ်။

အခုလို ကုန်စည်စီးဆင်းမှုတွေကို တင်းကျပ်စစ်ဆေးနေတာကြောင့် ​မောင်တောမြို့နယ်မြောက်ပိုင်းကျေးရွာ ၅၀ လောက်မှာ စားနပ်ရိက္ခာ ပြတ်တောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024