နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုစွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က အမှုကို ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦအောင်မျိုးမင်းက တရားလိုအဖြစ်ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးဖို့ တရားရုံးက မှုခင်းစီမံခန့်ခွဲဆုံးဖြတ်ခဲ့ပါတယ်။
တရားလိုဘက်ကို ရက်ပေါင်း ၉၀ ၊ တရားပြိုင်ဘက်ကိုရက်ပေါင်း ၉၀ စုစုပေါင်းရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးဒုတိယအပိုင်းကို ဆက်လက် ဆောင်ရွက်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တရားလိုကို စတင်ကြားနာမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေထဲက ၃ မှုအတွက် ထောင်ဒဏ်လေးနှစ်ကို နေပြည်တော် အထူးတရားရုံးက ဇန်နဝါရီ ၁၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီဇင်ဘာ ၆ ရက်နေ့တုန်းက အမှု ၂ ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့အတွက် စုစုပေါင်း အမှု ၅ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။