Home
မြန်မာသတင်း
ဖာပွန်မြို့က စစ်ကောင်စီဝန်ထမ်းအားလုံး ၁၀ ရက်အတွင်းထွက်ခွာရန် KNLA က သတိပေး
DVB
·
January 31, 2022

​ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ​ထိန်းချုပ်နယ်မြေ ဖာပွန်(မူတြော်) ခရိုင်အတွင်း  စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ မိမိတို့နေရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေကစတင်ပြီး ၁၀ ရက်အတွင်း ပြန်လည်ထွက်ခွာဖို့ ဇန်နဝါရီ ၂၉ ရက်မှာ တပ်မဟာ ၅ စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာတွေရပ်တန့်ဖို့ စစ်ကောင်စီလက်အောက်က အရပ်ဘက်ဆိုင်ရာ ဌာနအသီးသီးကဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး  ရေလမ်းခရီးကနေ အတားအဆီးမရှိ ထွက်ခွာပေးဖို့ သတိပေးထားတာပါ။

ဒါ့အပြင် ဖာပွန်မြို့ခံ ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်တာကို ရှောင်ရှားဖို့ သတိပေးအကြောင်းကြားထားသလို လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဖာပွန်မြို့ခံ ဝန်ထမ်းတစ်ဦးက “စာထုတ်ထားတာ တွေ့တယ်။ အခုလို တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းလုပ်ချင်လို့တော့ မဟုတ်ဘူး။ မိသားစု စားဝတ်နေရေးကြောင့် လုပ်နေရတာ။ အသက်ထက်တော့ ဘယ်ဟာမှ အရေးမကြီးပါဘူး” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် တနိုင်ငံလုံးက ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ ဆန္ဒပြတော်လှန်နေတာကို ကမ္ဘာအသိပင်ဖြစ်လို့ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရေးအတွက် အခုလို သတိပေး ထုတ်ပြန်ခဲ့တာပါ။

ဒီက​နေ့အထိ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတဲ့အပြင် စစ်ကောင်စီတပ်တွေက အရပ်သားအသွင်အိမ်စီးကားတွေနဲ့ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေပို့ဆောင်နေတဲ့အတွက် ကမမောင်း - ဖာပွန် လမ်းကြောင်းတွေ​ဖြစ်တဲ့ ရေလမ်း၊ ကုန်လမ်းတွေကို တရားဝင်အသိပေးပြီး ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ပြီး ပိတ်ထားခဲ့ပါတယ်။

အခုအခါ စစ်ကောင်စီအုပ်ချုပ်မှုအောက်က ဝန်ထမ်းတွေ မိမိနေရပ်ပြန်နိုင်ရေးအတွက် ရေလမ်းကြောင်းကို ဇန်နဝါရီ ၂ ရက်နေ့ကစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်မှုတွေအပြင် လေကြောင်းကပါ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတချို့ လက်နက်ကြီးကျဉ်ထိမှန်ပြီး နေအိမ်တွေပါ ပျက်စီးခဲ့သလို နေထိုင်စားသောက်ရေးအတွက် မိမိတို့ပိုင် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ရာမှာ မြေမြှုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024