ပူတာအိုခရိုင်အတွင်းက ပြည်သူတွေ အာဏာသိမ်းစစ်ကောင်စီထုတ်ကုန်နဲ့ မူးယစ်ဆေးတွေ သယ်ဆောင် မရောင်းချဖို့ ကေအိုင်အိုက ထပ်မံသတိပေးလိုက်ပါတယ်။
ပူတာအိုခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေနဲ့ မြစ်ကြီးနား-ဆွမ်ဘရာဘွမ်- ပူတာအိုကားလမ်းကို အမှီပြုသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေ အားလုံးသိရှိလိုက်နာနိုင်ဖို့ ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကေအိုင်အိုအစိုးရ (ပူတာအိုခရိုင်)က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မူးယစ်ဆေးဝါးအပြင် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ ပိတ်ပင်ထားတဲ့ Myanmar Beer, Dagon Beer နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ္စည်းများ သယ်ဆောင်တာ၊ ရောင်းချတာ မပြုလုပ်ဖို့ ပါရှိပါတယ်။
စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ခွင့်ပြုချက်မရရှိတဲ့ လယ်ယာမြေနဲ့ဉယျာဉ်ခြံမြေတွေမှာ ရွှေတူးဖော်တာ လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့နဲ့ မြစ်ကြီးနား - ဆွမ်ဘရာဘွမ်-ပူတာအိုကားလမ်းမှာလည်း ညနေ ၅ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ ထပ်မံသတိပေးထားပါတယ်။
ပူတာအိုခရိုင် ဆွမ်ဘရာဘွမ်မြို့နယ် ခင်ဒူကားကျေးရွာနဲ့ ဖုန်ကျန်းကျေးရွာကြားမှာ ဇန်နဝါရီ ၉ ရက်နေ့က KIOနဲ့ Putao PDFတို့ ပူးပေါင်းပြီး ပူတာအိုဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။