ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်လှစ်

၂၀၁၄ ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲကို ရုရှားနိုင်ငံ၊ ပင်လယ်နက်ဆိပ်ကမ်းမြို့ ဆော့ချီးမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ညက မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ခမ်းခမ်းနားနား ဖွင့်လှစ်ခဲ့ပါတယ်။ Reuters၂ နာရီခွဲကြာ ဖွင့်ပွဲအခမ်းအနားကို သမတ ပူတင်က တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့ပါတယ်။ အိုလံပစ်အမှတ်တံဆိပ် အကွင်း ၅ ကွင်းမှာ တကွင်းက စီစဉ်ထားသလို မီးမပွင့်ခဲ့တာက လွဲလို့ ဖွင့်ပွဲအခမ်းအနားဟာ ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ ဖွင့်ပွဲကျင်းပနေချိန်မှာပဲ ယူကရိန်းနိုင်ငံကနေ တူရကီနိုင်ငံကို ပျံသန်းခဲ့တဲ့ ခရီးသည် ၁၁၀ ဦးပါ လေယာဉ်တစီးဟာ အိုလံပစ်ပွဲတော်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်ခဲ့တာကြောင့် တူရကီနိုင်ငံပိုင် F-၁၆ တိုက်လေယာဉ်တစင်းကို အဲ့ဒီ လေယာဉ်ကို လိုက်လံ စောင့်ရှောက်ခဲ့ရပါသေးတယ်။ လေယာဉ်ဟာ အစ်စတဘူလ်းမြို့မှာ ဆင်းသက်ပြီးချိန်မှာတော့ ခရီးသည်တဦးဟာ အရက်မူးပြီး အိုလံပစ်ပွဲကျင်းပနေတဲ့ ဆော့ချီမြို့ကို သွားဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ တူရကီ လုံခြုံရေးတွေက ဆိုပါတယ်။ ဖွင့်ပွဲအခမ်းအနားကို တရုတ်၊ ဂျပန်အပါအ၀င် နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မနှစ်က ရုရှားနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ လိင်တူချစ်တူတွေကို ပိတ်ပင်ချုပ်ချယ်တဲ့ ဥပဒေအပေါ်မှာ ထင်တာထက် ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သမတပူတင်က ဆောင်းရာသီအိုလံပစ်ပွဲမှာ လိင်တူချစ်သူတွေပေါ် ဖိနှိပ်ဆက်ဆံတာ မရှိစေရဘူးလို့ ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံက နိုင်ငံကိုယ်စားပြုအသင်းမှာ လိင်တူချစ်သူတွေကို ပွင့်ပွင့်လင်းလင်း ပါဝင်စေခဲ့ပါတယ်။

//
More News
Up