Home
မြန်မာသတင်း
သံတောင်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် NTDF တိုက်ပွဲဖြစ် စစ်သား ၁၀ ဦးသေ
DVB
·
January 29, 2022

ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းအထူးဒေသ၊ မင်းလမ်းတောင်အုပ်စု၊ ချဉ်ပတောင်ရွာနဲ့ အာမယာရွာအနီးမှာ ဇန်နဝါရီ  ၂၇ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့  သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ (NTDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  NTDF တပ်ဖွဲ့ကနေ သိရပါတယ်။

ကေအန်ယူတပ်မဟာ ၂ ထိန်းချုပ်နယ်မြေကို နေပြည်တော်ကနေအင်အား ၈၀ နီးပါးရှိတဲ့ ခမရ ၄၁၁ တပ်နဲ့ ချဉ်ပတောင်ရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကျူးကျော်ဝင်ရောက်လာစဉ်  ဦးကိုကြီး ဦးဆောင်တဲ့ NTDF တပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့တာလို့  ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ချဉ်ပတောင်စခန်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အတွက် မင်းလမ်းတောင်ကျေးရွာက နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး NTDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ NTDF သတင်းရင်းမြစ်က ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီလောက်ကလည်း NTDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး CDM ဝန်ထမ်းတွေနဲ့ PDFတပ်ဖွဲ့ဝင်တွေကို ရှာဖွေခဲ့ရာမှာ စုစည်းရွာအဝင်လမ်းအနီးမှာ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NTDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဦးကိုကြီး ဦးဆောင်တဲ့ သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

တောင်ငူခရိုင်ထန်းတပင်မြို့နယ်၊ သံတောင်ကြီးမြို့နယ် ဒေသအတွင်း နေ့၊ ညအချိန်တွေမှာ စစ်ကောင်စီရဲ့ လေယာဉ်တွေပျံသန်းပြီး ဝေဟင်ကနေ ထောက်လှမ်းတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024