နေပြည်တော်တွင် သုံးရန် တင်ပြထားသည့် ကျပ်ငွေ ဘီလီယံ ၂၀၀ နီးပါး ပြန်စဉ်းစား
DVB
·
February 7, 2014
လာမယ့် ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေက အသုံးပြုဖို့ တင်ပြထားတဲ့ ကျပ်ငွေ ဘီလီယံ ၂၀၀ နီးပါးကို ပြန်ပြီး သုံးသပ်သင့်တယ်လို့ လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးမိုးဇော်ဟိန်းက ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြပါတယ်။
အစိုးရက နေပြည်တော်ကောင်စီအတွက် တင်ပြထားတဲ့ ဘတ်ဂျက်မှာ လမ်းနဲ့ တံတားအတွက် ဘီလီယံ ၁၁၀ နီးပါး၊ ရေရရေးလုပ်ငန်း ၃၆ ဘီလီယံကျော်၊ လျှပ်စစ် ဓာတ်အားပေးရေးအတွက် ၁၅ ဘီလီယံနီးပါး၊ အဆောက်အဦတွေ တည်ဆောက်ဖို့ ဘီလီယံ ၂၀ ကျော် စသဖြင့် တင်ပြထားတာ ဖြစ်ပါတယ်။
ဒီ တင်ပြထားချက်နဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက မြန်မာနိုင်ငံ အနှံ့က ကျေးလက်တွေမှာ သုံးစွဲမယ့်ငွေနဲ့ နှိုင်းယှဉ်ရင် အလွန်များနေတဲ့အကြောင်း၊ ဒါဟာ မမျှမတ ငွေသုံးစွဲတဲ့သဘော ဖြစ်နေလို့ ပြန် သုံးသပ်ပေးပါဆိုပြီး လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။