ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာအယောက် ၇၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၇၃ ယောက်ကို လမ်းပြနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကိုတော့ ကန်ချနဘူရီခရိုင်ထဲက နေရာ ၃ ခုမှာ နယ်ခြားစောင့်ကင်းလှည့်တပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသား ၅၇ ယောက်၊ အမျိုးသမီး ၁၆ ယောက်နဲ့ လမ်းပြအမျိုးသား ၁ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုအရ သူတို့အားလုံးကို ကိုယ်အပူချိန်တိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ အားလုံးဟာ ဖျားနာနေတဲ့ လက္ခဏာမတွေ့ရဘူးလို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်မြို့တွေကတဆင့် လာရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ၊ ဆမွတ်စာခွန်း၊ ဆမွန်ပရာကန်၊ ရက်ချဘူရီနဲ့ ကန်ချနဘူရီဒေသတွေမှာ အလုပ်လုပ်ရမယ်ဆိုပြီး ခုလိုဝင်ရောက်လာရောက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

သူတို့တွေထဲက တချို့ကတော့ အလုပ်ပွဲစားတွေကို ပွဲစားခတယောက်ကို ဘတ် ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ထိ ကြိုတင်ပေးခဲ့ကြရပြီး တချို့ကတော့ သက်ဆိုင်ရာ အလုပ်နေရာ ရောက်မှသာ ပေးမယ်လို့ ကတိထားခဲ့ကြတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံးကို သက်ဆိုင်ရာ ရဲစခန်းဆီပို့ဆောင်ပြီး ဥပဒေ ကြောင်းအရ လိုအပ်တဲ့ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ကာ နေရပ်ပြန်လည်ပို့ဆောင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်အာဏာသိမ်းပြီး ချိန်ကစတင်ကာ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ ပိုမိုများပြားလာနေခဲ့ပြီး နေ့စဉ်လူပေါင်း ဒါဇင်နဲ့ချီ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ပိုပြီးတော့ ယိုယွင်းလာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့် မြန်မာပြည်သူတွေဟာ ပိုပြီးတော့ သာလွန်ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ထိုင်းနိုင်ငံ ဘက်ကို ကူးပြောင်းလာတဲ့ နှုန်းဟာလည်း ပိုမိုများပြားလာနေခဲ့တာ ဖြစ်ပါတယ်။

//
More News
Up