Home
မြန်မာသတင်း
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
DVB
·
January 28, 2022

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို တောင်လေးလုံးအကျဥ်းထောင်တရားရုံးမှာ ဇန်နဝါရီ ၂၈ ရက်က အဂတိတိုက်ဖျက်ရေးအမှုတွေနဲ့  ထောင်ဒဏ် ၁၆ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ 

“ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကတော့ အဂတိတိုက်ဖျက်ရေးအမှုနံပါတ် ၁၊ ၂၊ ၃၊ ၄ နဲ့ ဝန်ကြီး ဦးစိုးညွန့်လွင်ကိုတော့ အဂတိတိုက်ဖျက်ရေးအမှုနံပါတ် ၁၊ ၃၊ ၄၊ ၅ ဖြစ်တယ်။ အမှု ၄ မှုမှာ ၄ နှစ်စီ ချလိုက်တာပါ" လို့ ဝန်ကြီးနဲ့နီးစပ်သူက ပြောပါတယ်။

တောင်လေးလုံးအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို အဂတိအမှု ၄ မှုနဲ့ တစ်မှုကို ၄ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

အလားတူ စီမံ/ဘဏ္ဍာဝန်ကြီးကို အဂတိ တိုက်ဖျက်ရေးအမှုနဲ့ ၄ မှုစီ တရားစွဲဆိုထားပြီး အမှုတစ်မှုကို ၄ နှစ်စီနဲ့ စုစုပေါင်း ၁၆ နှစ်ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

ဦးစိုးညွန့်လွင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြစ်တဲ့ ပုဒ်မ ၁၂၂ (၁) ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၁၂၄ (က) ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် တစ်သိန်း၊ ပုဒ်မ ၁၂၄ (ဃ) ထောင် ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် တစ်သိန်း၊ ပုဒ်မ ၅၀၅(က) အမှု နှစ်မှုကို ထောင်ဒဏ် ၂ နှစ်စီ သီးခြားကျခံရတဲ့အတွက် စုစုပေါင်း ၃၈ ​နှစ် နဲ့ ငွေဒဏ် ၂ သိန်းတို့ကိုလည်း အမိန့်ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးတို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024