ကမ္ဘောဒီးယားလုပ်သား ၂၂၀ ကျော်ကို MoU စနစ်ဖြင့် ထိုင်းကခေါ်ယူ၊ မြန်မာလုပ်သား မခေါ်သေး

ထိုင်းနိုင်ငံကနေ MoU စနစ်နဲ့ ခေါ်ယူတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၂၂၆ ယောက်ကို ပထမအသုတ်အနေနဲ့ လက်ခံခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစော ပိုင်းကတည်းက အလုပ်သမားခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာလက်မှတ်ရေးထိုးထားတာလို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဆူချာ့ထ် ချွန်ကလင်က ပြောပါတယ်။

လတ်တလောမှာတော့ ပထမအသုတ် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတော့မယ်လို့ ဆိုပါတယ်။

သူတို့ကိုတော့ ချွန်ဘူရီနဲ့ အယုဒ္ဓယဒေသတွင်း လုပ်ငန်းရှင်တွေရဲ့ ခေါ်စာနဲ့ ခုလိုလာ ရောက်ကြမှာဖြစ်ပြီး ချွန်ဘူရီကို အယောက် ၂၂၀ နဲ့ အယုဒ္ဓယကို ၆ ယောက်ပို့ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာတာနဲ့ ကွာရန်တင်း ၇ ရက်ဝင်ရောက်ပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ကို ထားရှိဖို့ လူအယောက် ၅၀၀ ထိဆံ့တဲ့ အခန်းပေါင်း ၂၀၀ ပြင်ဆင်ထားပြီး ဖြစ်ကာ တယောက်ကို ဘတ် ၈,၅၀၀ ကုန်ကျမှာဖြစ်ပြီး အဲဒီထဲမှာ တရက်ကို ထမင်း ၃ နပ်နဲ့ စစ်ဆေးရေးဂိတ်ကနေ စင်တာထိ ရွှေ့ပြောင်းဝန်ဆောင်မှုတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာရောက်ကြမယ့် လုပ်သားတွေအားလုံးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားပြီးသူတွေ ဖြစ်ရမှာဖြစ်ပြီး တကယ်လို့ မထိုးရသေးဘူးဆိုရင်တော့ စင်တာမှာ ထိုးနှံရမယ်လို့ ဆိုပါတယ်။

MoU စနစ်နဲ့ ခုအသစ်ဝင်ရောက်လာတဲ့ လုပ်သားတွေရော၊ အရင်က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီးနောက်ပိုင်းမှာမှ မှတ်ပုံတင်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိထားသူတွေအားလုံးဟာ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီးတော့ အလုပ်လုပ်ကိုင်နိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဘက်က တရားဝင် အလုပ်သမားခေါ်ယူတာတွေ မရှိသေးသလို နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နေ့စဉ်လိုလို ထိုင်းဘက်ကို တရားမဝင်နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာသူတွေ ရှိနေတာ ဖြစ်ပါတယ်။

//
More News
Up