Home
မြန်မာသတင်း
NUCC ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကျင်းပ၊ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အတည်ပြုမည်
DVB
·
January 27, 2022

ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူ့ညီလာခံကြီးကို အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာဖြစ်တယ်လို့င  အမျိုးသားညီညွတ်ရေးအစိုးရ NUG  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဦးဆောင်ပြီး ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့မနက် ၉ နာရီက စတင်ပြီး ၃ ရက်ကြာ ကျင်းပနေရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ ဖြစ်ပြီးတော့ သမိုင်းမှာလည်း မော်ကွန်းနဲ့ ကျန်ရစ်မယ့် အစည်းအဝေးကြီး ဖြစ်တဲ့အတွက် အခုလို မိန့်ခွန်းပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပြည်သူ့ညီလာခံကြီးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်းယူဖို့ ကြိုးစားတဲ့ တနှစ်ပြည့်လုဆဲဆဲကာလနဲ့ သွားရောက်တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ စစ်အုပ်စုက ဘယ်လောက်ပဲ တိုင်းပြည်ကို အကြမ်းဖက် အာဏာရယူဖို့ ကြိုးစားပေမဲ့ ပြည်သူလုထုက လက်မခံဘဲ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တွန်းလှန်နေတယ်ဆိုတဲ့ ပြယုဂ်တခုအဖြစ် ဒီပြည်သူ့ညီလာခံကြီးကို ကျင်းပနိုင်တဲ့အတွက် နိုင်ငံရဲ့ အနှစ်သာရအားဖြင့် အလွန်အရေးကြီးလှပါတယ်။ ပြည်ထောင်စုကြီးရဲ့ အဓိကအရင်းခံ ရေသောက်မြစ်ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးလှတဲ့ ဖယ်ဒရမ်ဒီမိုကရေစီပဋိညာဉ်ကြီးကို ဒီညီလာခံမှာ အတည်ပြုပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ အတည်ပြု ပြဋ္ဌာန်းမယ့် ပဋိညာဉ်ကြီးက နွေဦးတော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီပဋိညာဉ်ကြီးမှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို လူထုဆန္ဒနဲ့အညီ အတည်ပြု ပြဋ္ဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ကျင့်သုံးနိုင်မှသာ ကျနော်တို့ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" လို့ မိန့်ခွန်းမှာ ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ဆန့်ကျင်နေတဲ့ သပိတ်တော်မီတီ၊ CDM အင်အားစုများနဲ့ CSOအဖွဲ့တွေရဲ့ ကိုယ်စား ဦးမင်းကိုနိုင်ကတော့  “ကျနော်တို့ နွေဦးတော်လှန်ရေးဟာ တကယ်တော့ ပြည်သူ့တော်လှန်ရေးပါပဲ။ ဒီကနေ့ပြည်သူ့ညီလာခံ ကျင်းပကြတယ်ဆိုတာ ကျနော်တို့ဟာ တော်လှန်ရေးသာမကဘူး။ တည်ဆောက်ရေးကိုပါ စဉ်းစားထားကြတယ်။ တပြိုင်နက် အကောင်အထည်ဖော်နေတယ်ဆိုတာကို ပြချင်တာပါ”လို့ ပြောပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မီတီ ကိုခန့်ဝေဖြိုးက “ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်သူ့ ညီလာခံဟာ ဘုံရည်မှန်းချက်ပန်းတိုင်တူသူတွေရဲ့ နိုင်ငံရေးအရ အမြင့်မားဆုံး စုဝေးကိုယ်စားပြုမှု ဖြစ်တာနဲ့အညီ ပြည်သူ့ညီလာခံကို နိုင်ငံရေးအနှစ်သာရ ရှိရှိ ကျင်းပကြရမှာဖြစ်ပြီး တော်လှန်ရေးကို အထောက်အကူဖြစ်စေတဲ့၊ ပြည်သူလူထုအားဖြစ်စေတဲ့ ဆုံးဖြတ်ချက်တွေ ၊ အတည်ပြုမှုတွေ ဖြစ်ပေါ်လာအောင် အစုအဖွဲ့အသီးသီးက အားထုတ် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအတွင်းမှာ အခြေအနေ ကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ စစ်အာဏာသိမ်းမှုကို  ဆန့်ကျင်နေကြတဲ့ အစုးအဖွဲ့များကို အမြဲတမ်းတံခါးဖွင့် ကြိုဆိုနေမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီအတွင်းမှာ ဝင်ရောက်လုပ်ကိုင်ကြရင်း စုပေါင်း ခေါင်းဆောင်မှုတွေနဲ့အတူ လူမျိုးပေါင်းစုံ ပြည်သူလူထုကြားမှာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ကို စုပေါင်းထူထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ကြိုဆိုနှုတ်ခွန်ဆက်စကားပြောကြားခဲ့ပါတယ်။

ဒီပြည်သူ့ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)နဲ့  ဖက်ဒရယ် ဒီမိုကရေစီ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ စတဲ့ လုပ်ငန်းစဉ် သုံးရပ်ကို အတည်ပြုဖို့ရှိနေပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုတော်မီတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က “ဒီကနေ့ ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာ ပါရှိတဲ့ ပြည်ထောင်စုမျှော်ရည်ချက်နဲ့ စံတန်ဖိုးများ ပြည့်ဝစေမယ့် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး နှစ်ရှည်လများ မျှော်လင့်တောင့်တခဲ့ကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဒီညီလာခံကြီးဟာ ခရာတွတ်ချိန်၊ တာလွှတ်ချိန်၊ ခရာတွတ်ခြင်း တာလွှတ်ခြင်းအခမ်းအနားအဖြစ် ရှုမြင်မိပါတယ်။ ခရီးရှည်ကြီးကို ဆက်လက်ပြီးတော့ လျှောက်လှမ်းကြရဦးမှာလည်း ဖြစ်ပါတယ်။ အားဖြည့်ကြိုးပမ်းရမယ့်နိဒါန်းလို့ပဲ ရှုမြင်မိပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH) အနေနဲ့လည်းပဲ ပြည်သူတို့က တာဝန်ပေးလွှဲအပ်ထားတဲ့ ကိုယ်စားပြုတာဝန်ကို အလေးအနက်ပြုပြီးတောန့ ပဋိညာဉ်မှာပါတဲ့ မူဝါဒတွေနဲ့အညီ ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ ပြည်သူ့ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် ဒီညီလာခံကြီးကနေ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုပြီးတာနဲ့ စောလျင်စွာလွှတ်တော်ခေါ်ယူပြီးတော့ ထုတ်ပြန်ပေးသွားမယ်လို့လည်း ပြောသွားပါတယ်။ 

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုယ်စား အဖွင့်မိန့်ခွန်းပြောသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ  ခူးဦးရယ်ကတော့ “မတရားမှုမှန်သမျှကို တော်လှန်တိုက်ပွဲဝင်ရင်းနဲ့ အသက်ပေးသွားကြတဲ့ အာဇာနည်အားလုံးတို့အတွက် ကျနော် ဒီနေရာကနေ ဂုဏ်ယူလေးစား အသိအမှတ်ပြုရင်းလေးပြုအပ်တယ်လို့ပြောပါတယ်။

“၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ တကျော့ပြန် စစ်တပ်ကနေ တိုင်းပြည်ရဲ့အာဏာကို သိမ်းယူပြီး‌တော့ ကျနော်တို့ လူထုတရပ်လုံးကို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်နေတာဟာဖြင့် အခုနေခါမှာ လူထုတွေရဲ့ တော်လှန်တိုက်ပွဲဝင်မှုဟာ ၁ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် ဒီတနှစ်မ တိုင်ခင် အချိန်ကြာလာတဲ့ လူထုတော်လှန်ရေးကော၊ လက်နက်ကိုင်တော်လှန်ရေး  အသွင်ပြောင်းပြီးတော့ အပေါင်းစပ်တိုက်ပွဲဝင်နေတဲ့ အခြေအနေမျိုးအောက်မှာ အားလုံး တသဘေတည်းရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကျနော်တို့ နည်းမှန်လမ်းမှန်နဲ့ ကျနော်တို့ သမိုင်းကို ကျနော်တို့ ဘာသာဖန်တီးပြီးတော့ ရေးသားရမယ့်အချိန်ကာလ လည်းဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အသက်ပေးသွေးနဲ့ချွေးနဲ့ရင်းပြီး‌တော့ တော်လှန်တိုက်ပွဲဝင်နေခြင်းဟာဖြင့် နောင်လာမယ့် ကျနော်တို့အားလုံးရဲ့ အနာဂတ်သားသမီးတွေရဲ့ အနာဂတ်ကောင်းမွန်ဖို့အတွက် ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့အားလုံး နားလည်သဘောပေါက်ပြီးဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်လှဖို့ အတွက် ကျနော်တို့မှာ ရှိတဲ့ ဉာဏ်စွမ်းရှိသမျှနဲ့ ကျနော်တို့ရှိတဲ့အားနဲ့ ကျနော်တို့ အတူတကွရုန်းကန်ပြီးတော့ တိုက်ပွဲဝင်ကြပါစို့လို့” လို့ ခူးဦးရယ်က တိုက်တွန်းသွားပါတယ်။ 

အမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆောင်က “ မြန်မာနိုင်ငံကို စစ်ဖိနပ်နဲ့နင်းချေ မတရားတဲ့နည်းတွေနဲ့ နိုင်ငံတော်အာဏာကိုလုယူ၊ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဖျက်စီး၊ စစ်အာဏာရှင်စနစ်ဆိုးကို သွပ်သွင်းပြီး နိုင်ငံတော်ကို စစ်အကြမ်းဖက်ဝါဒနဲ့ အုပ်ချုပ်ခဲ့တာ ၁၉၇၀ ကစလို့ ပြန်လည်ရေတွက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက် မပြီးဆုံးနိုင်သေးတဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်လှတဲ့ ဇာတ်လမ်းကို အပြီးသတ် ဖြေရှင်းပေးနိုင်ဖို့အတွက် ကျနော်တို့ ဒီနေရာ ဒီနေ့မှာ စုဝေးရောက်ရှိကြတာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်ရဲ့ အမြစ်ကို တူးဆွဖျက်ဆီးပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ စုဝေးခဲ့ကြရတယ်။ ”လို့  ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ် ။

အမျိုးသားအတိုင်င်ခံကောင်စီမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့  နွေဦးတော်လှန်ရေးအင်အားစုတို့ စုဝေးခဲ့ကြပြီး စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်စေရေးအတွက် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေ တာဖြစ်ပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း “ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလာဖြစ်သော်လည်း တက်ရောက်ပါဝင်ပြီး၊ ပါဝင်လိုကြတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်များစွာ ရှိနေဦးမှာဖြစ်ပေမယ့် ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ တက်ရောက်ပါဝင်နိုင်အောင် ကြိုးစားဆောင်ရွက်တဲ့အတွက် မိမိအနေနဲ့ ဂုဏ်ပြုပါကြောင်း” ပြောပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် နိုင်ငံရေးအရ အရေးပါတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC) ဦးဆောင်တဲ့ ပြည်သူ့ညီလာခံကို ၆ လတကြိမ် လုပ်ဆောင်မယ်လို့ NUCC က ပြောဆိုထားပါတယ်။

ဒီညီလာခံကနေ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေအပြင် တိုင်းပြည်ရဲ့အခြေခံ ပဋိညာဉ် ချမှတ်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း တက်ရောက်လာတဲ့ခေါင်းဆောင်တွေက မျှော်လင့်နေကြ ပါတယ်။

PHOTO-PVTV

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024