မြန်မာပြည်တွင် စီးပွားရေးလုပ်ကိုင်ရာတွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များ အမေရိကန်ထုတ်ပြန်

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်တဲ့အခါ ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေ၊ အထူးသဖြင့် စစ်အာဏာရှင်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး အများပြည်သူ သိရှိနိုင်စေဖို့  အမေရိကန်အစိုးရက   စီးပွားရေးအကြံပြုချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ဆိုင်ရာအစီအစဉ်ရဲ့ အုပ်ချုပ်ရေးမှူး ရုံးတော်နဲ့အတူ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပူးပေါင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးရာနဲ့ ကူးသန်းရောင်းဝယ်ရေး ပတ်ဝန်းကျင်အနေအထားကို ကြီးကြီးမားမား ပျက်စီးစေခဲ့တယ်၊ စစ်အာဏာရှင်ရဲ့ သယံဇာတတွေအပေါ် လက်ဝါးကြီးအုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတာက နိုင်ငံအတွင်း ကြီးမားတဲ့ အဂတိလိုက်စားမှုတွေကို ဖြစ်ပေါ်စေတယ်တယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

အဂတိလိုက်စားမှုနဲ့ တခြား တားမြစ်ထားတဲ့ ဘဏ္ဍာရေးကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အကြီးမားဆုံး အန္တရာယ်ရှိနိုင်တဲ့ လုပ်ငန်းတွေနဲ့ ကဏ္ဍတွေထဲမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ တန်ဖိုးကြီး ဓာတ်သတ္တုတွေ၊ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့  စစ်လက်နက်ပစ္စည်းကိရိယာတွေနဲ့ ဆက်စပ်တဲ့ အမှုကိစ္စရပ်တွေ ပါဝင်ပါတယ်။

စစ်အာဏာရှင်နဲ့ပတ်သက်ဆက်နွှယ်မှုတွေကို စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ အသေးစိတ်စိစစ်အကဲဖြတ်လေ့လာမှုတွေ မပြုလုပ်ထားရင် အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ အပါအဝင် ကျော်ဇောမှု၊ ငွေကြေးနဲ့ တရားဥပဒေကြောင်းဆိုင်ရာ အန္တရာယ်တွေကို ကြီးကြီးမားမား တွေ့ကြုံနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒုလက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဘရိုင်ရန်အီးနယ်လဆင်က "တိုင်းသိပြည်သိ အဂတိလိုက်စားမှုတွေကြီးကြီးမားမားရှိပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပိုင်း သိပ်ကိုအားနည်းလွန်းတဲ့ စစ်အာဏာရှင်လက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ငွေကြေးအဖွဲ့အစည်းတွေ လုပ်ငန်းလည်ပတ်ဖို့ဆိုတာ သိပ်ကို အန္တရာယ်များလွန်းလှပါတယ်" လို့  မှတ်ချက်ပြုခဲ့ပါတယ်။ "နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းအနေနဲ့ အဂတိလိုက်စားမှု၊ တားမြစ်ထားတဲ့ ဘဏ္ဍာရေးကိစ္စရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အားပေးအားမြှောက် မပြုလုပ်မိစေဖို့ တာဝန်သိ တာဝန်ယူမှု ရှိရပါမယ်။"လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ၊ စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးဆိုးရွားစွာ ချိုးဖောက်မှုတွေကို အကွက်ကျကျ ဆောင်ရွက်ခဲ့သလို အရပ်သားပြည်သူတွေအပေါ် ဆိုးဝါးရက်စက်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ရင်း ပြည်သူ ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း အမေရိကန် အစိုးရက ပြောပါတယ်။

 အမေရိကန် အစိုးရ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ် တာဝန်ရှိသူတွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလည်းပြုလုပ်ထားပါတယ်။ 

//
More News
Up