ထိုင်းကျွမ်းကျင်လုပ်သား ၈ သန်းအလိုရှိကြောင်း ဆော်ဒီ ကမ်းလှမ်း

ထိုင်း နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပြတ်တောက်ခဲ့ရာက ဒီနှစ်ဆန်းပိုင်းမှာတော့ ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က  ဆော်ဒီသံတမန်ဝန်ထမ်း ၄ ဦး ထိုင်းမှာ အသတ်ခံရတဲ့ကိစ္စ၊ ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပျောက်ချင်းမလှပျောက်ဆုံးနေတဲ့ကိစ္စ၊  ဆော်ဒီနန်းတော်ထဲမှာ အလုပ်လုပ်တဲ့ ထိုင်းအလုပ်သမား ၁ ဦးက နန်းစဉ်မဟူရာစိန်နဲ့ နန်းတွင်းကျောက်မျက်ရတနာ အဆင်တန်ဆာတွေ ခိုးလာခဲ့တာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက စုံစမ်းစစ်ဆေးအရေးယူမှုတွေ အပြည့်အဝမဆောင်ရွက်ပေးနိုင်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးပျက်ပြားခဲ့ရတာပါ။ 

ပြီးခဲ့တဲ့နှစ်ကတော့ အသက် ၃၅ နှစ်ရွယ် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားရာထူးတက်ပြီး နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံနဲ့ သံခင်းတမန်ခင်းလမ်းတွေ ပြန်ဖွင့်ဖို့လည်း ပါလာပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့ နှစ်ဘက်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းရှိ အစ္စလမ်ဘာသာရေးအသင်းအဖွဲ့တို့ကလည်း ကြိုးစားဆောင်ရွက်ခဲ့တာကြောင့်  ထိုင်းဝန်ကြီးချုပ်ပရယုဒ် ကျန်အိုးချားနဲ့ ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ ၂၅ နဲ့ ၂၆ နေ့ရက်တွေမှာ ဆော်ဒီနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်သွားရောက်ခဲ့ကြရပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီခရီးစဉ်မှာ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားနဲ့ရော ဆော်ဒီနိုင်ငံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံအကျိုးတူ လူမှုစီးပွားတိုးတက်ရေး၊ လုံခြုံရေး၊ အာရှပစ္စဖိတ်ဒေသအစည်းအဝေးမှာ နှစ်နိုင်ငံတွဲပြီး အိမ်ရှင်အဖြစ် ကျင်းပရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ 

အဲဒီထဲမှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကဏ္ဍအတွက်   အရည်အချင်းရှိ ကျွမ်းကျင်လုပ်သားပေါင်း ၈ သန်းလိုအပ်ကြောင်း ထိုင်းအလုပ်သမားတွေကို ဦးစားပေးခေါ်ယူ ခန့်ထားမယ့်အကြောင်း ဆော်ဒီအာရေဗျ သယံဇာတ နဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဝန်ကြီးက ပြောဆိုကမ်းလှမ်းခဲ့တယ်လို့ ခရီးစဉ်မှာပါသွားခဲ့တဲ့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က သတင်းထောက်တွေကို ပြောပါတယ်။  

ဆော်ဒီနိုင်ငံက လိုအပ်တဲ့ အလုပ်သမားတွေမှာ ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုဇုန်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အကြီးစားစက်ယန္တရားလုပ်ငန်းတွေပါဝင်ပြီး ထိုင်းအလုပ်သမားဝန်ကြီးက အဆိုပါကမ်းလှမ်းချက်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်း၊  ထိုင်းနိုင်ငံမှာ ဆော်ဒီနိုင်ငံက လိုအပ်တဲ့ အလုပ်အကိုင်တွေနဲ့ လိုက်လျောညီထွေတဲ့ အလုပ်သမားတွေကို အရည်အချင်းမြှင့်သင်တန်း စဉ်ဆက်မပြတ်ပေးခဲ့ကြောင်း ပြောဆိုကာ အလျင်အမြန်အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်း နဲ့ ဆော်ဒီ နှစ်နိုင်ငံပြဿနာမဖြစ်ခင်က ဆော်ဒီမှာ ထိုင်းအလုပ်သမားဦးရေ ၃ သိန်းကျော်ရှိပြီး ထိုင်းနိုင်ငံအတွက် တစ်နှစ်ကို ဝင်ငွေ ဘတ်သန်းပေါင်း  ၉၀၀၀ ကျော် ရှာပေးနိုင်ခဲ့တယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ပြဿနာဖြစ်ပြီး နှစ်နိုင်ငံသံတမန်ပြတ်စဲတဲ့နောက် မနှစ် ၂၀၂၁ က ဆော်ဒီမှာ အလုပ်သွားလုပ်တဲ့ ထိုင်းနိုင်ငံသား ၅၆ ဦးပဲရှိတယ်လို့ ဆိုပါတယ်။ 

ဆော်ဒီက လိုအပ်တဲ့ကျွမ်းကျင်အလုပ်သမားတွေမှာ အင်ဂျင်နီယာ၊ ကွန်ပြူတာ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ စာရင်းကိုင်၊ ဟိုတယ်၊ စားဖိုမှူး (ထိုင်းနဲ့အရှေ့တိုင်းအစားအစာ)၊ အလှပြင်လုပ်ငန်း၊ ဖက်ရှင်အဝတ်အစားချုပ်လုပ်ခြင်း၊ လက်ဝတ်ရတနာလုပ်ငန်း၊ အဲယားကွန်း၊ ကားဝပ်ရှော့၊ ကွန်တိန်နာကားကြီးများမောင်းနှင်ခြင်း စတဲ့အလုပ်တွေလို့ ဆိုပါတယ်။ 

ဒါဟာ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်နေရသူတွေအတွက် ဝမ်းသာစရာ သတင်း ကောင်းဖြစ်တယ်လို့လည်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 

//
More News
Up