စစ်ကိုင်းမြို့ဘက်နေ မုံရွာမြို့ဘက်ဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား ၂ စင်းကို ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဘက်အသုံးပြုတဲ့ ကားနဲ့ လိုပါလာတာလို့သိရပြီး မုံရွာမြို့မရောက်ခင် မြင်းမူမြို့နယ်ထီးဆောင်းနဲ့ ကံဖျားဇရပ်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။
"သတင်းရထားလို့ စောင့်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ကား နှစ်စင်းလုံးပဲ မိုင်းထိတယ်။ တစ်စီးကတော့ လုံးဝပျက်စီးသွားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေတယ်လို့ ကျနော်တို့ သိရတယ်။ ဒဏ်ရာရသွားသူတွေလည်း များတယ်"လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တာတွေရှိပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်မှုကိုတော့ People's Defence Force Myinmu-MMUPDF၊ Black Eagle Defence Force-MMU၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့ ၊ Myin Mu Defence Force-MMDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo - ( People's Defense Force Myinmu )