စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ညောင်ကိုင်းရွာအနီး စစ်ကောင်စီတပ်နဲ့ ကျွန်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ကိုင်းကျေးရွာအနီး အင်တိုင်း-လိပ်ဆင်းတောင်သွား လမ်းပိုင်းပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကျွန်းလှ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“သူတို့စစ်ကြောင်း ပထမစထိုးလာတာကို ကျနော်တို့အဖွဲ့တွေက ကြိုတင်သတင်းရထားလို့ တိုက်ခိုက်နိုင်ခဲ့တယ်။ ပစ်ကြတာတော့ သူပစ်၊ ကိုယ်ပစ်ပဲဗျ။ အစပိုင်းကတော့ လက်နက်ငယ်လေးတွေနဲ့ စပစ်နေကြတာ။ နောက်ပိုင်း ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ သုံချက် ပစ်လိုက်တော့ (-) တွေ ပြေးတာ လွင့်နေတာပဲ” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျွန်းလှမြို့နနယ်၊ အင်ဒိုင်းကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်တပ်လည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲအတွင်း နှစ်ဘက် အကျအဆုံးမရှိဘဲ ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။