ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်မှုထမ်းဟောင်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေကို စစ်ကောင်စီက စာရင်းလိုက်ကောက်နေတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာရပ်ကွက်အလိုက် နယ်ထိန်းရဲတွေက ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ စာရင်းလိုက်ကောက်နေတာဖြစ်ပြီး နေ့စားခပေးကာ ပြန်ခိုင်းဖို့ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စာရင်းလိုက်ကောက်နေတာ လဆန်းပိုင်းထဲက ရဲအငြိမ်းစားယူထားတဲ့ သူတွေရော ထွက်လာတဲ့သူတွေရော ကောက်နေတာ။ စစ်သားလည်း အဲ့လိုမျိုးပဲကောက်တာ နေ့စားခပေးပြီး လုံခြုံရေးစောင့်ခိုင်းဖို့ ဖြစ်နိုင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နေ့စားခပေးပြီး လုံခြုံရေးစောင့်ခိုင်းဖို့အတွက် စစ်ကောင်စီက စာရင်းလိုက်ကောက်တဲ့အချိန်မှာ စာရင်းပေးတဲ့သူတွေက နည်းတယ်လို့ ဆိုပါတယ်။
“ဒါက အရပ်သားခေါ်ခိုင်းဖို့ အဆင်မပြေလို့ တပ်ဖွဲ့ဝင်ဟောင်းတွေကို စာရင်းကောက်နေတာဖြစ်နိုင်တယ်၊ ဘာမှသင်ပေးစရာမလိုတော့ဘူးလေ။ ဒီအလုပ်က ထွက်လာတဲ့သူတွေကို ဒီအလုပ်ပြန်ခိုင်းတာဆိုတော့ ငယ်တဲ့သူတွေကို ဖမ်းဆီးရေးပိုင်းတောင် သုံးလို့ရနိုင်တယ်” လို့ ရဲအရာရှိဟောင်းတဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့အင်အား မလုံလောက်တာကြောင့် စခန်းနဲ့ အထိုင်ကင်းနေရာတွေမှာ အစားထိုးအသုံးပြုဖို့အတွက် ခုလိုမျိုး စာရင်းလိုက်ကောက်နေတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက မှတ်ချက်ပြုပြောပါတယ်။