ကင်မရွန်းဘောလုံးကွင်းထဲ လူအုပ်နင်းမိပြီး ၈ ဦး သေဆုံး

ကင်မရွန်းနိုင်ငံ အာဖရိကဖလားဘောလုံးပွဲ ကျင်းပနေတဲ့ ‘အိုလမ်ဘီ’ အားကစားကွင်းထဲကို ပရိသတ်တွေ အတင်းတိုးဝှေ့ခဲ့တာကြောင့် လူအုပ်ပြိုလဲပြီး ၈ ဦး သေဆုံး၊ ၃၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၂၄ ရက် ကင်မရွန်းနဲ့ ကိုမိုရော့စ်နိုင်ငံတို့ တွေ့ဆုံတဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို အားပေးဖို့ လာတဲ့သူတွေ ပြိုလဲတက်နင်းမိတာလို့ ကင်မရွန်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကိုဗစ်ရောဂါကန့်သတ်မှုကြောင့် ဘောလုံးကွင်းဝင်ခွင့် ပရိသတ်ကို လျှော့ချထားပေမဲ့၊ ကင်မရွန်းအသင်းပွဲစဉ်ကို လာရောက်ကြည့်ရှုသူ ထိန်းမနိုင်အောင် အလွန်များပြားခဲ့တာပါ။ တချို့ မိသားစုလိုက် လာအားပေးပြီး သေဆုံးတဲ့အထဲမှာ ကိုယ်ဝန်ဆောင်မိခင်လည်း ပါဝင်ပါတယ်။

ကင်မရွန်းအသင်းက ကိုမိုရော့စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားပွဲစဉ် တက်သွားတာကြောင့် ပရိသတ်က တစုံတရာ ဖြေသိမ့်နိုင်ခဲ့ပါတယ်။

//
More News
Up