ယူကရိန်းအကျပ်အတည်း ဥရောပခေါင်းဆောင်များ အလုံးစုံညီညွတ်မှုရှိဟု ဘိုင်ဒင်ပြော

အမေရိကန်သမ္မတ ဂျိုင်းဘိုင်ဒင် က ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းအကျပ်အတည်းအတွက် မိနစ် ၈၀ ကြာ အွန်လိုင်းအစည်းဝေးလုပ်ခဲ့ပြီးနောက်၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား ‘အလုံးစုံ ညီညွတ်မှု’ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ပိုလန်နဲ့ အခြားဥရောပခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေးဟာ အလွန့်အလွန်ကောင်းမွန်တဲ့ အစည်းအဝေးတခုဖြစ်ပြီး အတ္တလန်တိတ် ဖြတ်ကျော်နိုင်ငံတွေကြား လုံးဝညီညွတ်မှု ရှိနေတယ်လို့ ဘိုင်ဒင်က ပြောခဲ့တာပါ။

အစည်းအဝေးပြီး ခေါင်းဆောင်တွေ ပူးတွဲကြေညာချက်ထုတ်ရာမှာ “ယူကရိန်းအပေါ် ရုရှားရဲ့ နောက်ထပ် ကျူးကျော်လာမှုမှန်သမျှကို အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆန့်ကျင်သွားမယ်၊ ဥရောပအရှေ့ခြမ်းရှိ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးကို တိုးချဲ့ပြင်ဆင်ထားမယ်၊ ရုရှားအနေနဲ့ ဆိုးရွားတဲ့ စီးပွားရေးအကျိုးဆက်တွေ ခံစားစေရမယ်” ဆိုတဲ့အချက်တွေ ပါပါတယ်။

အမေရိကန်နဲ့ နေတိုးအဖွဲ့ရဲ့ စစ်ရေးပြင်ဆင်မှုတွေကို ရုရှားသမ္မတ ပူတင်က အနောက်ရဲ့ စိတ်ချောက်ချားမှု hysteria ရောဂါလို့ ရှုတ်ချပြောဆိုပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက ဘိုင်ဒင်အစိုးရအတွက် ငွေကြေးဖောင်းပွမှုက ကြီးမားတဲ့ နိုင်ငံရေးဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်မဟုတ်လားလို့ မေးမြန်းခဲ့တာကို သမ္မတက အဆိုပါသတင်းထောက်ကို ‘ငွေကြေးဖောင်းပွလာတော့ ဘာဖြစ်လဲ၊ မိုက်မဲတဲ့ ခွေးမသား’ လို့ ဆဲခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ သမ္မတဂျိုးဘိုင်ဒင်က ဖုန်းဆက် တောင်းပန်ခဲ့တယ်လို့ သတင်းထောက်က ပြောပါတယ်။

//
More News
Up