မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဇန်နဝါရီ ၂၅ ရက် ဒီမနက် ၁ နာရီလောက်က စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ကေအန်ယူ တပ်မဟာ(၁) တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ကျိုက်ထိုဘက်ကနေ သထုံမြို့နယ် လာရောက်စဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) ၊ တပ်ရင်း (၂) နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့ကာ စစ်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁)အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာရတာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ရမ်းသန်းပြီး ပြန်ပစ်ခဲ့တဲ့အတွက်ကြောင့် ကားလမ်းဘေး နေအိမ်တစ်အိမ်က ကလေးငယ် တယောက် ခြေထောက် ကျဉ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။