ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မလော့ကျေးရွာအုပ်ချုပ်ရေးမှူး ကိုဆန်းဦးရဲ့နေအိမ်မှာ ည ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်ဗုံးခွဲခံရတဲ့ မလော့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံပြည်သူကို စိုက်ဘဏ်ချေးငွေမဆပ်ရင် လယ်သိမ်းမယ်၊ ကိုဗစ်ဆေးမထိုးရင် တရားစွဲမယ် စတဲ့ ဖိအားပေးခြိမ်းခြောက်တာတွေ ပြုလုပ်ပြီးနောက်ပိုင်း ခုလိုဗုံးခွဲသတိပေးခံရတာလည်း ဖြစ်ပါတယ်။
ဒေသခံတဦးက “သူ ဖိနှိပ်တာတွေ များလာတယ်။ ဒေသခံတွေက သတင်းပေးပို့လိုက်လို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
ဘိုကလေးမြို့မှာ ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက ဘောလုံးကွင်းနား မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံး တွေ့ရှိ လို့ စစ်ကောင်စီတပ်သားတွေက လာသိမ်းသွားသေးတယ်လို့ သိရပါတယ်။