ထိုင်းတွင် ကြောင်ပျောက်ရှာနေသည့် ဂျပန်မိန်းကလေး ကြော်ငြာခ ဘတ် ၃ သိန်းနှင့် ဆုငွေ ဘတ် သောင်းချီ အကုန်ကျခံရှာဖွေ

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်မှာ  ဂျပန်မိန်းကလေး တယောက်က  သူ့ရဲ့ ချစ်လှစွာသော ကြောင်လေး ၂ ကောင်ပျောက်ဆုံးသွားလို့  စိုးရိမ်သောကဖြစ်နေပြီး အဆိုပါကြောင်လေးတွေပြန်တွေ့ဖို့  ငွေသိန်းချီအကုန်ကျခံကာ လိုက်လံရှာဖွေနေပါတယ်။ 

ခိမ်း လို့ခေါ်တဲ့ ဂျပန်မိန်းကလေးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံကိုအလည်ခရီး ရောက်ခဲ့ပြီး သူနဲ့အတူ ကြောင်လေး ၄ ကောင်ပါခေါ်ဆောင်လာခဲ့ရာမှာ အဲဒီထဲက ကိုမာ့ကျန် (ကြောင်ထီး )  နဲ့ တေမာ့ကျန် ( ကြောင်မ ) လို့အမည်ပေးထားတဲ့ကြောင် ၂ ကောင်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က သူတည်းခိုရာ ကမာလာရပ်ကွက်နေအိမ်ကနေ  ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

သူဟာကြောင်ကလေးတွေကို မိသားစုဝင်လိုချစ်ခင်ကြောင်း၊  ကြောင်ပျောက်သွားတာ အင်မ တန်စိတ်ပူမိပြီး ပထမကတော့ ကြောင်ရှိတဲ့နေရာသတင်းပေးနိုင်သူကို ၁ ကောင် ထိုင်းဘတ်ငွေ ၁ သောင်းစီဆုချမယ်လို့ ဆိုင်းဘုတ်ငယ်နဲ့ ကြော်ငြာခဲ့တယ်လို့ မျက်ရည်တွေကျရင်း သတင်းထောက်ကို ပြောပါတယ်။ 

ဒါပေမဲ့ သူ့ကြောင်ဟာ ရိုးရိုးဂျပန်ကြောင်မျိုးသာဖြစ်ပြီး လူတွေကသိပ်စိတ်တ်မဝင်စားလို့  ကြောင် ၁ ကောင် ဆုငွေ ၁ သောင်းမှ ဘတ် ၃ သောင်းထိ တိုးမြှင့်ကာ  ဆိုင်းဘုတ်နဲ့ကြော်ငြာခ ဘတ် ၃ သိန်း အကုန်ကျခံပြီး ဖူးကက်မြို့ ကထုရပ်ကွက် ကော်ဟတ်ဆူရင်းလမ်းမကြီးပေါ်ရှိ အထင်ကရ မီးပွိုင့်မှာ ကြော်ငြာထား တာလို့ ပြောပါတယ်။ 

မနေ့ကတော့အဆိုပါကြောင်နဲ့တူနဲ့ ကြောင် ၁ ကောင်ကို ထိုင်းပြည်သူ ၁ ဦးက ကမာလာရပ်ကွက်ရှိ ဟိုတယ်တစ်ခုအနီးမှာတွေ့ရှိကြောင်း၊ ကိုမာ့ကျန် ဆိုပြီးသူ့ နာမည်ခေါ်လိုက်ရာမှာ ကြောင်က လှုပ်လှုပ်ရှားရှားဖြစ်သွားပေမယ့် လိုက်ဖမ်းလို့မရသေးကြောင်း ၊ ဒါကြောင့် ကြောင်ပြန်ရ အောင်ဆောင်ရွက်ပေးနိုင်သူအနေနဲ့ ဖုံးနံပါတ် ၀၈၃ ၈၃၂၁၉၅၅ ကိုဆက်သွယ်ပေးဖို့ ပိုင်ရှင်က သတင်းထောက်ကိုပြောသွားပါတယ်။

Photo Credit-PBS/Khaosod

//
More News
Up