Home
ဆောင်းပါး
ဖောင်ဖျက်ထားတဲ့ ပြည်သူနဲ့ ဖောင်ဝှက်ထားတဲ့ စစ်အခွင့်ထူးခံနောက်လိုက်များ
DVB
·
January 25, 2022

ဒီကနေ့ အရှိန်ဟုန်ပြင်းစွာ တောက်လောင်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်းမှာ တိုက်ပွဲခေါ်သံ စပေးစဉ်ကနေ ဒီကနေ့အချိန်ထိ ပြည်သူလူထုကြားမှာ အကျယ်လောင်ဆုံး ကြားနေကြရတဲ့ ကြွေးကြော်သံကတော့ “အဆုံးအထိတိုက်မယ်” ဆိုတဲ့ ကြိမ်းဝါးသံပါပဲ။ 

ဒီစကားဟာ ဘယ်ကို ညွှန်ပြနေသလဲဆိုရင် အဖိနှိပ်ခံပြည်သူတွေဟာ အဓမ္မဝါဒီ စစ်မိစ္ဆာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ စိတ်တုံးတုံးချထားပြီးပြီ၊ နောက်ဆုတ်ဖို့အကြောင်းမရှိ၊ ဖောင်ကို ဖျက်ရုံမက မီးဆိုက်ထားပြီးပြီ ဆိုတာပါပဲ။

စစ်အာဏာရှင်စနစ်ရဲ့ အမြစ်ကို ဆွဲနုတ်လိုတဲ့ လိုအင်ဆန္ဒ ပြင်းပြမှု- ဆန္ဒာဓိပတိ၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်တဲ့ လုံ့လ ဝီရိယစိုက်ထုတ်မှု - ဝီရိယဓိပတိ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေလိုတဲ့ စိတ်အားထက်သန်မှု - စိတ္တာဓိပတိ၊ စစ်အာဏာရှင်စနစ် ပပျောက်အောင် ဆောင်ရွက်ရာမှာ အသိဉာဏ်ပညာဦးစီးမှု - ဝီမံသာဓိံပတိ စတဲ့ အဓိပတိတရား ၄ ပါးလုံးနဲ့ ပြည့်စုံနေကြတဲ့ မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ ပန်းတိုင်ရောက်သည်အထိ နောက်ပြန်မလှည့်ဘဲ ရှေ့သို့သာချီကြမှာ သံသယဝင်စရာမရှိအောင် စစ်အာဏာလုယူခဲ့တာ ၁၁ လ ကြာမြင့်တဲ့တိုင်‌ တော်လှန်ရေးအရှိန်အဟုန် တိုးသထက်တိုးလာနေတဲ့ အခြေအနေတွေနဲ့ အောက်ပါ‌ ဖောင်ဖျက်တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်နဲ့ သမိုင်းတာဝန် ထမ်း‌ဆောင်မှုတွေက ညွှန်ပြနေပါတယ်။ 

၁။ CDM ဝန်ထမ်းတွေရဲ့ ဖောင်ဖျက်တော်လှန်ရေး

ပထမ ဖောင်ဖျက်တော်လှန်ရေးအင်အားစုကတော့ စစ်အုပ်ချုပ်မှု အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေကလည်း စစ်အာဏာရှင်လက်အောက် ဘယ်တော့မှ ဝန်ထမ်းပြန်မလုပ်ဖို့ စိတ်တုံးတုံးချထားပြီးတာမို့ ဘဝတွေ၊ ဝန်ထမ်းအိမ်ရာနဲ့ ပင်စင်ခံစားခွင့်တွေပါ စွန့်လွှတ်ပြီး အသက်မွေးဝမ်းကျောင်းအသစ်နဲ့ ဈေးရောင်းသူက ရောင်းပြီး ပြတ်ပြတ်သားသား လုပ်ဆောင်ကြတာဟာ CDM ဝန်ထမ်းပြည်သူတွေရဲ့ ဖောင်ဖျက်တော်လှန်မှု သမိုင်းမော်ကွန်းတွေ ဖြစ်ပါတယ်။

၂။ ဒုတိယဖောင်ဖျက်တော်လှန်ရေးအင်အားစုကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုကြီးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အထိ တနှစ်နီးပါး ကြာမြင့်ခဲ့တာတောင် တစ်ရက်တောင် မပျက်မကွက်ဘဲ လမ်းပေါ်တက်ဆန္ဒပြရင် သေနတ်နဲ့ အသေ ပစ်သတ်ခံရနိုင်တာ၊ ဖမ်းဆီးချုပ်နှောင်ခံရပြဖိး ညှဉ်းပန်းနှိပ်စက် အသတ်ခံရနိုင်တာ၊ မိမိကို မမိရင် ညီအစ်ကို မောင်နှမ မိဘဆွေမျိုးသားချင်းတွေပါ အဖမ်းခံရမှာ သိပါလျက်နဲ့ မကြောက်မရွံ့ ဆက်ပြီး လမ်းတွေပေါ်တက် ဆန္ဒပြနေကြတာဟာ GS ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေရဲ့ ဖောင်ဖျက်တော်လှန်မှု သမိုင်းမော်ကွန်း နောက်တမျိုးပါပဲ။

၃။ တတိယဖောင်ဖျက်တော်လှန်ရေးအင်အားစု‌တွေကတော့ CDM ဝန်ထမ်းတွေ၊ GS ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို လက်ခံထောက်ပံ့ ပံ့ပိုးကူညီနေကြတဲ့ အများပြည်သူတွေဟာလည်း စစ်အာဏာလုအဖွဲ့က သိရင်၊ မိရင် နေအိမ်တိုက်ခန်း‌တွေ ချိပ်ပိတ် အသိမ်းခံရ၊ အဖမ်းခံရမယ်ဆိုတာ သိပေမဲ့လည်း ဆက်ပြီး အထောက်အပံ့မပျက်၊ လက်ခံမပျက်၊ အကူအညီပေးမပျက်ကြတဲ့ အများပြည်သူတွေရဲ့ ဖောင်ဖျက်တော်လှန်မှု သမိုင်းမော်ကွန်း နောက်ထပ်တမျိုးပဲ ဖြစ်ပါတယ်။

၄။ စတုတ္ထဖောင်ဖျက်တော်လှန်ရေးအင်အားစု‌တွေကတော့ မိသားစုနဲ့ မိမိအရပ်ဒေသကို စွန့်လို့ လက်နက်ကိုင်တော်လှန်ရေးနယ်မြေထဲ အသက်စွန့်ရောက်လာကြတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ CRPH အဖွဲ့ဝင်တွေရဲ့ နွေဦးတော်လှန်ရေးပြီးသည်အထိ တိုက်ပွဲဝင်ကြမယ့် နိုင်ငံရေးခေါင်းဆောင်များရဲ့ ဖောင်ဖျက်တော်လှန်မှု သမိုင်းမော်ကွန်းတိုင်ပဲ ဖြစ်ပါတယ်။

၅။ ပဉ္စမဖောင်ဖျက်တော်လှန်ရေးအင်အားစု‌တွေကတော့ အားလုံးသိကြတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးသိမှန်၊ ရပ်တည်ချက်မှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု (EAOs) တွေဟာ အသက်ကို အရင်းတည်ပြီး လက်နက်အင်အားမမျှဘဲ တိုက်လေယာဥ်၊ အမြောက်လက်နက်တွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်ဘီလူးမိစ္ဆာတွေကို တူမီး၊ တုတ်၊ ဓား၊ ဒူးလေး ရရာလက်နက်နဲ့ ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် ဖောင်ဖျက်တော်လှန်မှု သမိုင်းမော်ကွန်းနောက်ထပ်တမျိုးပဲ ဖြစ်ပါတယ်။

PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖောင်ဖျက်တော်လှန်ရေး သမိုင်းမှတ်တိုင်တွေထဲမှာ အထင်ကရဖြစ်ခဲ့ပြီး နောင်တချိန်မှာ စစ်အာဏာရှင်တော်လှန်ရေးသမိုင်း မှတ်တမ်းရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးသင့်တဲ့ တိုက်ပွဲတွေများစွာအနက် Chinland Defence Force (CDF) Spokesperson ဆလိုင်းယောမာန် ပြန်လည်ဖောက်သည်ချထားတဲ့ CDF-Mindat ရဲ့ တိုက်ပွဲအကြောင်းဟာ အလွန်လေးစားဂုဏ်ပြုစရာကောင်းပါတယ်။ 

ချင်းပြည်နယ် မင်းတပ်မြို့ကို သိမ်းဖို့ စစ်ကူအဖြစ် နောက်ထပ်တက်လာတဲ့ ကားအပါအဝင် စစ်ကား ၇ စီးပါ ယာဉ်တန်းကို ၂၀၂၁ ခုနှစ် မေ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ရဲရင့်ပြီး စစ်ရေးအမြင်ရှိတဲ့ တော်လှန်ရေးခေါင်းဆောင် ထန်းတိတ်မာန် ဦးဆောင်လို့ စကစယာဉ်တန်းကို နောက်ကနေ ပတ်တိုက်ပြီး သိမ်းယူနိုင်ခဲ့တာဖြစ်တယ်။ အဲဒီသမိုင်းဝင်အဖြစ်အပျက်ကို CDF ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ရေးသားထားချက် မူရင်းအတိုင်း ပြန်ကူးတင်ပေးလိုက်ပါတယ်။ 

ထန်းတိတ်မာန်ကို ဒီအကြောင်းတွေ ပြန်မေးကြည့်တဲ့အခါ သူက ဒီလိုပြန်ပြောခဲ့ပါတယ် “ခုထိ ကျနော်တို့လူတွေ တောင့်ခံထားတယ်ဆိုတာက ခုချိန် ငါတို့ နောက်ဆုတ်လိုက်ရင် စကစတွေ မြို့ကို သိမ်းလိမ့်မယ်။ မြို့ကို ဖျက်ဆီး မီးတင်ရှို့လိမ့်မယ်။ လုံးဝ နောက်ဆုတ်လို့ မဖြစ်ဘူး။ အရှုံးပေးလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ကြောင့်သာ လက်နက်ကြီးမျိုးစုံ မိုးလိုရွာနေတဲ့ကြားထဲက တူမီးတွေ ကိုင်ပြီး တောင့်ခံထားကြတာ။ ဂေါက်ကွင်းဆိုတာက မြို့နဲ့တော်တော်နီးနေပြီ။ ၁၅ မိနစ်လောက် မောင်းရင်ကို မင်းတပ်မြို့ထဲ ရောက်မယ်။ စကစတပ်တွေလည်း လုပ်တက်စခန်း၊ ညောင်ပင်ကွေ့ စသည်ဖြင့် ခံတပ်တွေ အကုန်လုံး ကျော်လာခဲ့ပြီ။ ဒါ နောက်ဆုံး ခံတပ်ပဲ။ ဒီဂေါက်ကွင်းပြီးရင်တော့ စကစတွေ မြို့ထဲကို လမ်းအမျိုးမျိုးနဲ့ဝင်ဖို့ လွယ်သွားပြီ။ ခက်တာက ကျနော်တို့ဆီမှာ ကျည်တွေ၊ ယမ်းတွေ ကုန်သလောက်ရှိနေပြီ။ ကိုယ့်လူတွေက သတ္တိတစ်ခုတည်းနဲ့ တင်းခံနေတာ။ ပြီးတော့ အဲဒီတုန်းက CDF-Mindat ရဲ့ လက်နက် ၉၉ ရာခိုင်နှုန်းက တူမီးနဲ့ ခါးချိုးတွေ။ ဆိုတော့ ယမ်းတွေ၊ ကျည်တွေ လုံးဝကုန်သွားပြီဆိုရင် ဘာမှမတတ်နိုင်ဘူး။ အားလုံး ပြေးကြမှာပဲ။ တူမီး၊ ခါးချိုး ဆိုတာကလည်း ကျည်မရှိ၊ ယမ်းမရှိဆို တုတ်ချောင်းလောက်တောင် အသုံးမဝင်တော့ဘူး။ အဲဒါကြောင့် ၁၃ ရက်နေ့ညကတည်းက စဉ်းစားတာက မနက်ဖြန် (မေ ၁၄ ရက်) မနက်မှာ စကစယာဉ်တန်းက ကားအားလုံးကို ငါတို့သိမ်းနိုင်မှ ဖြစ်မယ်။ နက်ဖြန်မနက်မှ မသိမ်းနိုင်ရင် ငါတို့အားလုံးတော့ ပြီးပြီလို့ တွက်ထားတာ။ စဉ်းစားကြည့်ရင်လည်း စကစယာဉ်တန်းကို ရှေ့နဲ့ အပေါ်က ဝိုင်းညှပ်ပစ်နေတာတောင် ဒီကောင်တွေက တောင့်ခံပြီး ပြန်ပစ်နေတုန်း။ နောက်ထပ်အနေနဲ့ နောက်ဘက်ကနေ ဝင်တိုက်ဖို့ပဲ ရှိတော့တယ်။ နောက်ကနေ တိုက်ဖို့ကျတော့လည်း အကာအကွယ်နည်းပြီး အန္တရာယ်များလွန်းလို့ မသွားကြဘူး။ လက်နက်ချင်း၊ ပစ်အားချင်းကလည်း ကွာတယ်လေ။ ဒါကြောင့် ၁၄ ရက်မနက်ကျတော့ လိုက်မယ့်လူတွေ ကျနော် ဦးဆောင်ပြီး ယာဉ်တန်းကို နောက်ဘက်ကနေ ဝင်ပစ်တာ။ ကျည်ဆန်တွေကုန်တော့လည်း ခဲတွေနဲ့ ပေါက် ရတဲ့နည်းနဲ့ ရှေ့တိုးကြလို့သာ သိမ်းနိုင်တာ။”

ဒီလိုနဲ့ အားလုံးက ရှေ့၊ အပေါ်၊ နောက် ဝိုင်းညှပ်ပစ်ပြီး မိုက်မိုက်ကန်းကန်း ရှေ့တိုးကြလို့သာ စကစတွေ လမ်းအောက်ဘက် ငှက်ပျောတောထဲကို ဆင်းပြေးတော့တယ်။ အဲဒီတော့မှ ကားတွေပေါ်တက်ပြီး ပစ္စည်းတွေသိမ်းယူတာပဲ။

အထက်ကအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်မပြတ်သရွေ့ မြန်မာနိုင်ငံတဝန်းလုံးက PDF တပ်ဖွဲ့တွေဟာ သွေးအေးသွားမှာမဟုတ်ဘဲ အဆုံးထိ တော်လှန်သွားကြမှာ ဖြစ်တာမို့ ဖောင်ဖျက်တိုက်နေကြတာဟာ ထင်ရှားလှပါတယ်။ ကျည်ကုန်ရင် ခဲလုံးနဲ့ပေါက် အောင်ပွဲခံကြတာဟာ ရွက်မရှိရင် တက်နဲ့လှော်မယ်၊ တက်မရှိရင် လက်နဲ့လှော်မယ် ဆိုတဲ့ သံမဏိစိတ်ဓာတ်တွေရှိနေကြတာ ဖြစ်ပါတယ်။ 

ဒီကနေ့ စစ်အာဏာလုအုပ်စု စိုးရွံ့လာရတဲ့အထိ အောင်ပွဲအလီလီရခဲ့တဲ့ ပုလဲနယ်ရဲ့ PDF ခေါင်းဆောင်ဗိုလ်နဂါးကလည်း အောက်ပါစကားကို ပြောခဲ့တာ ပြည်သူတွေ သိနေကြပါပြီ။

“နေလို့မှ မထူးတဲ့ဘဝမှာ

  သေလည်း မထူးဘူးဆိုပြီး 

  တိုက်ကြတယ်

  အောင်လည်း အောင်မြင်တယ်…”

တဘက်ကို ပြန်ကြည့်ရင်တော့ အာဏာလုစစ်‌တပ်ဖက်က အခွင့်ထူးခံနောက်လိုက်များဟာ ဖောင်ဝှက်တိုက်တဲ့ စစ်သားများလို ယုံကြည်ချက်မရှိ၊ နိုင်ငံရေးအသိအမြင်မရှိတာမို့ တ‌နေ့တခြား စိတ်ဓာတ်ချွတ်ခြုံကျနေကြပြီး တပ်ပြေးသူကပြေး လက်နက်ချသူကချ၊ ပြည်သူနဲ့ ပူးပေါင်းသူက ပူးပေါင်းလာမှုတွေ တိုးပွားလာနေပါပြီ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ကယားပြည်နယ်(ကရင်နီပြည်)၊ မြန်မာ-ထိုင်းနယ်စပ်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ နတ်တောင်စခန်းခေါ် ကျားပါးစပ်ကြီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်ကောင်စီဘက်က ၃၂ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး လက်နက်ချခဲ့တဲ့ သတင်းကို ကရင်နီတပ်မတော် (KA) က ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်တဲ့သတင်းကို ဖတ်ရှုခဲ့ရပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဖောင်ဖျက်ပြီး တိုက်ပွဲဝင်‌နေကြတဲ့ ပြည်သူလူထုနဲ့ နောက်ပြန်လှည့်‌ပြေးဖို့ ကြိုတင်စဥ်းစားပြီး ဖောင်ဝှက်ထားတဲ့ စစ်အခွင့်ထူးခံ နောက်လိုက်တွေ များလာတဲ့ အာဏာလုစစ်ကောင်စီတို့အကြားက ပြည်တွင်းစစ်မှာ ဘယ်ဘက်ကနိုင်မယ်ဆိုတဲ့ အဖြေဟာ ထွက်နေပြီးသားပါ။ 

တော်လှန်စိတ်ပြင်းထန်တဲ့ ပြည်သူလူထုတရပ်လုံးနဲ့ စစ်ခင်းရတဲ့ လက်နက်ကိုင်တပ်ဆိုတာ ဘယ်လိုပင် စစ်အင်အား ကြီးမားပါစေ၊ အရှုံးနဲ့သာ ရင်ဆိုင်ကြရမှာ နောက်ဆုံးရလဒ်သာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024