စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ မဲဒင်ကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ဒေသခံ ၁၁ ဦးကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၉ ဦး ပါဝင်တယ်လို့ ရွာသားတစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
“မနေ့က အဖမ်းခံရတာ။ ရွာထဲတွေ့တဲ့သူ အကုန်ဖမ်းခံရတယ်။ အများဆုံးကတော့ အသက်မပြည့်သေးတဲ့ ၃ နှစ်အရွယ် ကလေးတစ်ဦးရယ်၊ ၁၆ နှစ်အရွယ် မိန်းကလေး ၄ ဦးရယ်၊ အသက် ၅၀ အ ရွယ်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး။ အသက် ၃၀ ကျော် ၄၀ အရွယ်ကတော့ ၂ ဦး အဖမ်းခံရတာ၊ အခုအထိ မလွှတ်သေးဘူးဗျ။”
ကျေးရွာသားတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မုံရွာမြို့ အလုံ-မင်းဒေါင့် ချင်းတွင်းမြစ်ဆိပ်ကမ်းကနေ ဖလက်ခွံ ၈ စီးနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး ဇန်နဝါရီ ၂၃ ရက်နေ့က မုဌေါကျေးရွာနဲ့ နတ်ကြီးကျေးရွာကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တဲ့တပ် ဖြစ်ပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ ၂၄ ရက်နေ့ကလည်း ကနီမြို့နယ် အင်းပေါင်းကျေးရွာနေ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။