ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်အတွင်း ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်က ဒီမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာနဲ့ စိုက်ကွင်း ၂ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မနက် ၈ နာရီကနေ ညနေ ၆ နာရီ ထိ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိုဖိတ်၊သပြေတောနဲ့ စိုက်ကွင်း (၂) ကျေးရွာအတွင်းရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်မွန်းလွဲပိုင်းကလည်း ဟိုဖိတ်ကျေးရွာနဲ့ သပြေတောကျေးရွာမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲက ပြည်သူတွေကို ဖမ်းဆီးခဲ့ကာ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ အဲဒီနေ့ မနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက်နာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို KNDF နဲ့ PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်တလောမှာတော့ စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့ကို စစ်ကြောင်း နှစ်ကြောင်း နဲ့ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။