တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်-ရေးလမ်းပိုင်း ၂၈ မိုင်မှာ ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၁ နာရီလောက်က ခမရ ၄၀၆ နဲ့ ခမရ ၄၀၇ စစ်တပ်ပွိုင့်ကား ၂ စီးကို မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရေးမြို့ဘက်ကနေ ဆင်းလာတဲ့ စစ်တပ်ရိက္ခာသယ်ကားနဲ့ ဆီသယ်ကားကို သွားကြိုတဲ့ စစ်တပ်ပွိုင့်ကား ၂ စီးကို မိုင်းဆွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိခိုက်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာဥ်တန်းကိုမြင်တွေ့ခဲ့ရတဲ့ ဒေသခံတဦးက “မနက် ၁၁ နာရီလောက်ကတော့ ဆီကား ၄ စီး၊ စစ်ကားငယ် ၁ စီး၊ စစ်ကားအကြီး ၂ စီး၊ အားလုံး ၇ စီး ယာဥ်တန်းနဲ့ ကလိန်အောင်မြို့ကို ဖြတ်ပြီး ထားဝယ်ဘက်ဆင်းသွားတယ် “ လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယာဥ်တန်းဟာ ဆက်လက်မထွက်ခွာဘဲ လမ်းပိုင်းက တပ်ရင်းတခုမှာ ရပ်နားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကလည်း ကလိန်အောင်မြို့ အခြေစိုက် ၄၀၈ တပ်ရင်းက စစ်ကားတစီးကိုလည်း ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။