Home
မြန်မာသတင်း
ပေါက်မြို့နယ် သစ်ညီနောင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ဖျက်ဆီး
DVB
·
January 23, 2022

မကွေးတိုင်း ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာကို ဇန်နဝါရီ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေက ဝင်ရောက်မွှေနှောက်ပြီး နေအိမ်တွေကို ဖျက်ဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သစ်ညီနောင်ရွာကို မနေ့ မွန်းတည့် ၁၂ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၁၃၀ လောက်ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ အိမ်တွေကို ဖျက်ဆီးကာ ငွေကြေးတွေကို လည်း ယူဆောင်သွားကြတယ်လို့ သစ်ညီနောင်ရွာသား တစ်ယောက်က ပြောပါတယ်။

“ကျနော်တို့ရဲ့ အိမ်တွင်းအိမ်ပြင် ရှိသမျှ ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့ပြီး ငွေကြေးတွေကို အကုန်ယူသွားကြတယ်။ ရွာသားတွေက ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး ဒီကနေ့မှာတော့ အန္တရာယ်ကင်းကင်းနဲ့ ရွာထဲကို ပြန်ဝင်ကြပြီ။ ကျနော်တို့ရွာက ပြည်သူတွေ အေအေးဆေးဆေးနေတာဖြစ်ပြီး သူတို့ကိုလည်း ဘာမှလုပ်ထားတာလည်း မရှိသေးဘူး။ အိမ်တိုင်တွေကို ဓားနဲ့ ခုတ်ဖြတ် ဖျက်ဆီးပြီး ပစ္စည်းတွေ ငွေကြေးတွေကို ယူဆောင်တာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေကိုလည်း သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ပြီး ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြတယ်။”

စစ်ကောင်စီတပ်တွေဟာ ရွာထဲမှာ မွန်းတည့်ကနေ ညမှောင်တဲ့အချိန်အထိ ရှာဖွေခဲ့ပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ဖမ်းပြီး ဘုန်ကြီးကျောင်းထဲမှာ ခေါ်ထားတယ်လို့ သစ်ညီနောင်ရွာသား ဆက်ပြောပါတယ်။

“ရွာထဲမှ ာကင်းတွေ ချပြီးတော့ အိမ်တိုင်းနီးပါးကို ဝင်မွှေတယ်။ အိမ်တိုင်တွေကို ဓားနဲ့ခုတ်၊ ဝရန်တာတွေ အကာတွေ၊ ဗီဒိုတွေ၊ သေတ္တာသော့တွေနဲ့ ပစ္စည်းတွေကို ရိုက်ချိုးပြီးတော့ ငွေကြေးတွေ၊ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်။”

အိမ်တစ်လုံးဖြစ်မြောက်ဖို့ လက်ရှိကာလမှာ သစ်စျေးတွေ မြင့်တက်တာကြောင့် သိန်း ၁၅၀ အထက် ကုန်ကျပြီးတော့ ယောတောင်၊ ယောနယ်အထိ လှေတဆဆင့် လှည်းတဆဆင့် သယ်ယူပြီး ခက်ခက်ခဲခဲ တည်ဆောက်ထားရတာလို့ ဆိုပါတယ်။

“ကျနော်တို့ ရွာဘက်တွေက ရိုးရိုးတောင်သူလုပ်ငန်း လုပ်ကိုင်ကြတာဖြစ်လို့ ဝင်ငွေလည်း မကောင်းကြဘူး။ အိမ်တစ်ဆောင် ဆောက်ဖို့ ၅ နှစ် ၆ နှစ်လောက် စုဆောင်းကြရတာ။ ဒီကနေ့ အိမ်ပြန်ရောက်တော့ စစ် (-) တွေ ဖျက်သွားတာ မြင်ရတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ကုန်ကြတာပေါ့။” 

စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေ မွေးမြူထားတဲ့ ကြက်တွေ ဝက်တွေကိုလည်း သတ်ဖြတ်၊ ချက်ပြုတ်စားသောက်ကြပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၁၀ တန်းကျောင်းသားတစ်ယောက်အပါဝင် လူငယ် ၂ ယောက်အား မျက်လုံးကို အဝတ်စနဲ့ စည်းကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ကြတယ်လို့ ပြန်လွတ်လာတဲ့ ၁၀ တန်းကျောင်းသားတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“PDF တွေက ကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့် သတ်သွားတာ သိလား၊ PDF တွေ မိုင်းထောင်တာ သိလား၊ မင်းတို့ရွာကနေ PDF လုပ်ကြလား၊ အဲဒီလိုမေးပြီး ကျနော်တို့က မသိဘူးလို့ ပြန်ဖြေတာကြောင့် ပါးတွေရိုက်ပြီး၊ နောက်ကျောကို တုတ်နဲ့ ရိုက်တယ်။ လည်ပင်းကိုလည်း ဓားနဲ့ခြစ်တယ်။ ဘာမှာအပြစ်မရှိဘဲနဲ့ အနှိပ်စက်ခံရတာ စိတ်တိုတာပေါ့ဗျာ။ ကျနော်တို့လည်း သူတို့ကို ပြန်လုပ်ချင်တာ သေနတ်တွေနဲ့ဆိုတော့ ကြောက်လို့ ငြိမ်နေရတယ်။”

စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးသွားတာကြောင့် နေအိမ် ၃၉ လုံးနဲ့ ပစ္စည်း သိန်း ၆၀၀ ကျော်ဖိုးလောက်ပျက်စီဆုံးရှုံးခဲ့ပြီး ရွှေနဲ့ ငွေကြေးတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နယ်ထဲကို အင်အားထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာလည်း သစ်ညီနောင်ရွာရဲ့ အနောက်ဘက် ၇ မိုင်အကွာလောက်မှာ နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်ရောက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024