မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ကနေ ပေါက်မြို့နယ်ကိုလာတဲ့လမ်းမှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၄ ယောက်သေဆုံးပြီး အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) ဆီက သိရပါတယ်။
မြိုင်မြို့နယ်အတွင်း နေအိမ်မီးရှို့ပြီး ပြည်သူတွေကို သတ်ခဲ့တဲ့ စစ်ကောင်စီတွေကို ပေါက်မြို့နယ်အရောက်မှာ အလစ်အငိုက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ဗိုလ်ဂျပန်က ပြောပါတယ်။
စစ်ကောင်စီဘက်က လေယာဉ်၊ တင့်ကားတွေနဲ့ ပတ်ချာလည်ပြင်ဆင်ထားပေမယ့် တော်လှန်ရေး ရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) နဲ့ Zero ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့ကစတင်ပြီးတော့ ကျေးရွာတွေအတွင်းကို ထိုးစစ်ဆင်နေတာကြောင့် ဒေသခံ ၆ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပျူစောထီးတွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ခိုးဝှက်လုယူတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ စစ်ကောင်စီတပ်က ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာနေ ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးသွားသလို ကျေးရွာတစ်ချို့က တန်ဖိုးကြီးပစ္စည်းတွေကို မွှေနှောက်ရှာဖွေခိုးယူနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပေါက်မဟာမိတ်အဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ပေါက်မြို့နယ် မြောက်ပိုင်း ကျောက်တိုင်ခင် အုပ်စုဖလန်ကိုင်းရွာမှာ ဒေသခံပြည်သူတွေရဲ့နေ အိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်ရှာဖွေယူဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အိမ်ထဲကိုဝင်ရှာဖွေရာမှာ ရွှေထည့်တဲ့ ဘူးတွေကို ရွှေမတွေ့တာကြောင့် နေအိမ်တွေရှေ့ လွှင့်ပစ်ခဲ့ပြီး ရွှေအတုတွေကိုလည်း အစစ်တွေအထင်နဲ့ ယူဆောင်သွားကြတာကြောင့် ဒေသခံတွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အိမ်မှာ မထားခဲ့ဖို့ ပေါက်မဟာမိတ်အဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရွာထဲက ဈေးဆိုင်တွေက စားသောက်ကုန်ပစ္စည်းတွေကိုလည်း ပြည်သူတွေပိုင်ဆိုင်တဲ့ ကား ၄ စီး ပေါ်တင်ပြီးယူဆောင်သွားကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ညပိုင်းမှာတော့ ဘုရားတောင်နဲ့ကျူတောအနီးကခိုပြင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေ စခန်းချနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းက ရေနံကျင်းဆီကန်၊ ရေနံကျင်းတွေ ကားဆိုင်ကယ်တွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ဒေသခံတွေကို ဖမ်းဆီးပြီးတော့ မီးရှို့သတ်ဖြတ်တာ၊ ကျေးရွာဒေသခံတွေဆီက ဖုန်းတွေ တန်ဖိုးကြီးပစ္စည်းတွေကိုလုယူတာ၊ ပြည်သူပိုင်ကားတွေကို ချောဆွဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေကြတာကြောင့် စစ်ကောင်စီတပ်လာရာ လမ်းတစ်လျှောက်က ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပေါက်မြို့နယ်အတွင်း တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Photo crd -ပေါက်မဟာမိတ်အဖွဲ့မှ