ချင်းပြည်နယ်၊ မင်းတပ်မြို့ကထွက်ခွာလာတဲ့ အင်အား ၅၀၀ ကျော်ရှိတဲ့ စစ်ကောင်စီလမ်းကြောင်းဟာ မတူပီမြို့ ကို ရောက်ရှိနေပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။
မုံရွာခရိုင်မှာ စစ်သားတွေဟာ ခရီးသွားပြည်သူတွေရဲ့ ကားတွေကို တားဆီးပြီး အင်အားဖြန့်တဲ့ နည်းလမ်းကို အသုံးပြုနေတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
စစ်ကောင်စီယာဉ် အစီး ၉၀ နဲ့ တပ်သားအင်အား ၅၀၀ ကျော်ပါတဲ့ ယာဉ်တန်းဟာ ဇန်နဝါရီ ၂၀ ရက်၊ ညနေပိုင်းက မတူပီမြို့ကို ရောက်ရှိလာပြီး တပ်စွဲထားတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။
လတ်တလော တိုက်ပွဲတွေ မဖြစ်သေးပေမယ့် စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီး CDF တွေဘက်ကလည်း စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်မြို့ကနေ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက စတင်ထွက်ခွာခဲ့တာဖြစ်ပြီး လာရာလမ်းတစ်လျှောက်မှာလည်း နင်းမိုင်းတွေ ထောင်ခဲ့တယ်လို့ ဒေသခံ CDF တွေက ပြောပါတယ်။
ဇန်နဝါရီလဆန်းကစပြီး စစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနဲ့ တောင်ပိုင်း မတူပီဗျူဟာတို့ရဲ့ နေရာ ၅ ခုမှာ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
မတူပီ CDF တာဝန်ရှိသူတစ်ဦးက “ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာတော့ စစ်ကောင်စီတပ်တွေဟာ တရွာဝင်တရွာထွက် အကြမ်းဖက်မှုတွေပြုလုပ်နေပါတယ်။ နေအိမ်တွေကိုမီးရှို့တာ၊ ကွမ်းခြံနဲ့ စိုက်ခင်းတွေကို ဖျက်ဆီးတာတွေအပြင် အကြမ်းဖက်ဖမ်းဆီး ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေပါတယ်။ စစ်ကောင်စီက တပ်သားအင်အားမလုံလောက်တဲ့အတွက် ပျူစောထီးတွေကို စစ်သင်တန်းပေးနေပြီး ပြည်သူချင်းရန်တိုက်ပေးနေတယ်လို့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ဖီးနစ်က ပြောပါတယ်။ စစ်ကောင်စီက စစ်ယာဉ်တန်းနဲ့ အင်အားဖြန့်ရင် မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ကုန်ကားတွေနဲ့ခရီးသွားပြည်သူတွေရဲ့ကားတွေကိုတားဆီးပြီးအင် အားဖြန့်နေပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ကြားဖြတ်တိုက်ခိုက်ဖို့ခက်ခဲနေတဲ့အတွက် မုံရွာခရိုင်ထဲကပြည်သူတွေအနေနဲ့ အရေးတကြီးကိစ္စမရှိရင် ခရီးမသွားကြဖို့ ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ဖီးနစ်က ပြောပါတယ်။
“ပြည်သူတွေရှိနေတဲ့အတွက် ကုန်ကားပဲဖြစ်ဖြစ် ခရီးသွားကားပဲဖြစ်ဖြစ် ပြည်သူကားနဲ့ ကပ်လိုက်တာမျိုး ရှိလာတယ်။ နောက်တစ်ချက်က ပြည်သူ့ကားပုံစံမျိုးလုပ်လာတာရှိတယ်။ သာမန်ရက်မဟုတ်တဲ့အချိန်တွေမှာ သူတို့ထွက်လာတာတွေများတာကို ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေရှိနေလို့။ ပြည်သူတွေအနေနဲ့လည်း ဒီကောင်တွေဘယ်လိုထွက်လာလဲဆိုတာကို ကျွန်တော်တို့ဆီသတင်းပို့ပါ။ ကျွန်တော်တို့ ဒီကောင်တွေကို ကြိတ်ဖို့ ပွိုင့်တွေတင်တယ်ဆိုလို့ရှိရင် ချက်ချင်းတင် ချက်ချင်းဆင်းသွားတာမျိုးလုပ်လို့မရဘူးဗျ။ နောက်တစ်ချက်က ပြည်သူတွေက ဒီလိုသွားနေတဲ့အတွက် သူတို့က ဒီဟာကိုအကာအကွယ်ယူပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်ရေးပစ္စည်းတွေကို ပြန်ဖော်တာတွေ ပြန်သိမ်းတာတွေရှိနေတယ်။ ကျွန်တော်တို့ ဝယ်ရခြမ်းရတာလည်းမလွယ်သလို ပြည်သူ့နားထဲမှာ အုန်းကနဲတစ်ချက်ကြားရဖို့ဆိုရင် အရင်ဆုံးကျနော်တို့ ရဲဘော်အသက်ကိုရင်းရတယ်။ လုပ်ရင်းကိုင်ရင်းနဲ့တစ်ခုခုဖြစ်သွားနိုင်တယ်။ နောက်တစ်ချက်က ငွေကြေးပေါ့။ တစ်လုံးကို ၁သိန်းလောက်ရှိတယ်။"
စစ်ကိုင်းတိုင်းအတွင်းက PDF တွေရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါဟာ အဓိပ္ပါယ်မရှိတဲ့ ပြောဆိုချက်ဖြစ်ပြီး စစ်ကောင်စီကသာ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုတာ ပြည်သူအားလုံးအသိဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက တုံ့ပြန်ပါတယ်။
စစ်ကိုင်းတိုင်းမှာ မေလကတည်းက စစ်ကောင်စီက အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ပြီး PDF တွေ က ခုခံတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီဘက်က တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လေ့မရှိခဲ့ပါဘူး။
အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ဖြတ် ၄ ဖြတ်စနစ်ကို ကျင့်သုံးနေပြီး နယ်မြေ ထိန်းချုပ်ဖို့အတွက် နည်းလမ်းစုံကို အသုံးပြုနေတာဖြစ်ပါတယ်။