လူထုအတွက် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူတာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိအမှု ငါးမှုနဲ့ တရားစွဲဆိုထားတဲ့အမှုတွေကို ဇန်နဝါရီ ၂၁ ရက်မှာ စွပ်စွဲခံရသူရဲ့ ရှေ့နေတွေက ကိုယ်စားလှယ်စာ (ရှေ့နေပါဝါ) တင်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တရားရုံးနဲ့နီးစပ်သူတစ်ဦးက “အားလုံးပေါင်း ၈ ယောက်တင်လိုက်တယ်။ တစ်မှုချင်းကို ဘယ်နှယောက်လို့ မတင်ဘူး။ အကုန်လုံးစုတင်လိုက်တာ။ ရန်ကုန်က ရှေ့နေ ၅ ယောက် တစ်ဖွဲ့၊ နေပြည်တော်က ရှေ့နေ ၃ ယောက် တစ်ဖွဲ့ အဲလို တင်လိုက်တာ” လို့ ပြောပါတယ်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ၂၀၂၁ ခုနှစ်က ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက ထပ်မံ တရားစွဲဆိုထားတာပါ။
နောက်ရုံးချိန်းမှာ ဒီအမှု ၅ မှုအတွက် တရားလိုတွေကို စတင်စစ်ဆေးမှာဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာတော့ အရင် အဂတိမှုတွေနဲ့ ပတ်သက်ပြီး သက်သေမလာတဲ့အတွက် မစစ်ဆေးဖြစ်ဘူးလို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီး ဖြစ်ပါတယ်။