တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ ဆယ်မိုင်ခန့်ကွာဝေးတဲ့ ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ကျေးရွာတစ်ဝိုက်မှာ အာဏာသိမ်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေပစ်ခတ်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် ကျေးရွာ ၄ ခုက ဒေသခံပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။
စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းကစတင်ပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ် ထိုးစစ်ဆင်လာတဲ့အတွက် စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တို့အကြား ညနေပိုင်းအချိန်ထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ မြင်းမတ်တပ်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်သားတွေက အင်အား ၁၅၀ ဝန်းကျင်နဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာကာ ၁၀ မိနစ်ခြားတစ်ခါလောက် PDF တွေ ရှိနိုင်တဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ကျေးရွာခံတွေက ဆိုပါတယ်။
အဲဒီလို အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးကိုတော့ အသေးစိတ်မသိရှိရသေးဘဲ ဒီဗွီဘီက စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလကလည်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တိုအကြား ထိတွေ့ပစ်ခတ်မှုဝေါကြောင့် ထားဝယ်မြို့နယ်အတွင်းရှိ တံခွန်တိုင်ပြင်၊ သစ်ကတိုး၊ လေးအိမ်စု၊ မြေးခန္တီးကျေးရွာတွေက ဒေသခံပြည်သူ ၅၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချို့က အခုချိန်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။