သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက်မှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားရုံးနဲ့နီးစပ်သူတစ်ဦးက “ရုံးချိန်းမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ပုဒ်မနဲ့ပတ်သက်ပြီး တရားလိုပြ သက်သေအဖြစ် ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးခဲ့တယ်။ စစ်ဆေးတာ မပြီးလို့ နောက်အပတ်ကို ပြန်ချိန်းလိုက်တယ် ” လို့ ပြောပါတယ်။
ဒီအမှုအတွက် တရားလိုပြသက်သေ သုံးဦး စစ်ဆေးဖို့ ကျန်သေးတယ်လို့လည်းပြောပါတယ်။ နောက်ရုံးချိန်းကို ဇန်နဝါရီ ၂၇ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး လ၀က အက် အမှုကိုပါ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။
ရှောင်တာနယ်လ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။