ပြင်သစ်ထုတ် ရာဖယ်တိုက်လေယာဉ် ၆ စီး ဂရိ ဝယ်ယူ

ဂရိနိုင်ငံဟာ ပြင်သစ်နဲ့ ကာကွယ်ရေး သဘောတူညီချက်အောက်မှာ ဝယ်ယူခဲ့တဲ့ ရာဖယ် တိုက်လေယာဉ် ၆ စီးကို ပထမဆုံး အနေနဲ့ ဇန်နဝါရီ ၆ ရက်က လက်ခံ ရရှိခဲ့ပါတယ်။

ဒီအရောင်းအဝယ်ကြောင့် ဂရိရဲ့ သမိုင်းဝင်ပြိုင်ဘက်နဲ့ နေတိုးမိတ်ဖက်ဖြစ်တဲ့ တူရကီနဲ့ ဆက်ဆံရေး ပိုတင်းမာခဲ့တာပါ။

ဂရိဟာ ဒတ်ဇော့ ကုမ္ပဏီထုတ် ဂျက်လေယာဉ် စုစုပေါင်း ၂၄ စီး မှာယူခဲ့တာ ဖြစ်ပြီး ဒါဟာ ယူရိုငွေ ၃ ဘီလီယံကျော် တန်ဖိုးရှိပါတယ်။ 

မြေထဲပင်လယ်အရှေ့ပိုင်းက စွမ်းအင်ရင်းမြစ်တွေနဲ့ ပတ်သက်ပြီး တူရကီနဲ့ ဂရိတို့ အငြင်းပွားမှု ဆူပွက်နေချိန်မှာ ဂရိက စစ်တပ်ခေတ်မီအောင် ကြိုးစားလာတာလည်း ဖြစ်ပါတယ်။

ရာဖယ်တိုက်လေယာဉ် ၆ စီးကို မိုင်းရေ့ချ် တိုက်လေယာဉ် ၂ စီး ခြံရံပြီး အေသင်မြို့တော် အနားက တာနာဂရာ လေတပ်အခြေစိုက်စခန်းဆီ အုပ်ဖွဲ့အနိမ့်ပျံသန်းအပြီး တစီးပြီး တစီး ဆင်းသက်ခဲ့ကြပါတယ်။

ဂရိနဲ့ ပြင်သစ်ဟာ ရာစုနှစ်ချီ မိတ်ဖက်တွေအဖြစ် သွေးစည်းထားပြီး ဥရောပ အနာဂတ်အတွက် ဘုံအမြင်တွေအပြင် လွတ်လပ်ရေးနဲ့ သွေးစည်းမှု တန်ဖိုးတွေကို မျှဝေထားတယ်လို့ ဂရိဆိုင်ရာ ပြင်သစ် သံအမတ်ကြီးက ပြောပါတယ်။

ဒီသဘောတူစာချုပ်ဟာ တတိယနိုင်ငံကို ရည်မှန်းချုပ်ဆိုခဲ့တာမဟုတ်ပေမယ့် ဥရောပ သမဂ္ဂရဲ့ အရှေ့တောင်စွန်းကို စောင့်ကြပ်နေတဲ့ ဂရိနိုင်ငံကိုတော့ ကာကွယ်ရမယ်လို့လည်း ပြင်သစ်က ပြောခဲ့ပါတယ်။

//
More News
Up