မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၈၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၆၅၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၇၀၂ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၃၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၁ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၂ ယောက် ရှိပြီဖြစ်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်မနက် ၁ နာရီလောက်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လက်ပံကျေးရွာကို စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၁၃ ယောက်ကို ဖမ်းဆီးသွားခဲ့ကြပါတယ်။ အဆိုပါဒေသခံ ၁၃ ယောက်ထဲက ၄ ယောက်ဖြစ်တဲ့ ကိုမြတ်မိုး (ခေါ်) ဖိုးကြီး၊ ကိုကျော်မျိုးဝင်း၊ ကိုဖိုးထော်နဲ့ ကိုမျိုးမင်းထက်တို့ဟာ နောက်တ နေ့မှာပဲ စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေထောင် တွင်းတရားရုံးက ဇန်နဝါရီ ၁၉ ရက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှု ၃ မှုအတွက် တမှုကို ထောင်ဒဏ် ၃ နှစ်နဲ့ ထောင်ဒဏ် ၉ နှစ် ထပ်မံ ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။