သထုံမြို့နယ်၌ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲ ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီးက ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဇန်နဝါရီ ၂၀ ရက် မနက် ၂ နာရီခွဲလောက်မှာ ဖောက်ခွဲဖျက်ဆီးခံရလိုက်ရတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဓာတ်ငွေ့ပိုက်လိုင်းကို အမည်မသိလူတစ်စုက ဆွဲမိုင်းအသုံးပြုပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်း ၂ ပေ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ အမြင့်ပေ ၁၀ လောက်ရှိတဲ့ မီးတောက်မီးလျှံတွေ ၄ နာရီလောက် ထွက်ပေါ်ခဲ့တာပါ။

ဒေသခံတွေကတော့ အဲဒီဓာတ်ငွေ့ပိုက်လိုင်းဟာ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုဖြစ်တယ်လို့ ပြောဆိုကြပြီး ဒေသဆိုင်ရာ စစ်ကောင်စီအုပ်ချုပ်ရေး တာဝန်ရှိသူတွေကတော့ မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ ပို့ဆောင်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေပါတယ်။

သထုံမြို့နယ်မှာ စစ်တပ် အာဏာသိမ်ပြီးနောက် ဓာတ်ငွေ့ပိုက်လိုင်း ၄ ကြိမ်ထက်မနည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

//
More News
Up